ဘန်လေကို ဂိုးပြတ် အနိုင်ယူပြီး ဇယားထိပ် ယာယီတက်သွားတဲ့ မန်စီးတီးကို လီဗာပူးတို့ ပြန်ကျော်

လီဗာပူးအသင်းဟာ တန်းဆင်းဇုန်က ဘန်လေအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရာမှာ ၃-၁ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

လီဗာပူး လူစာရင်းဟာ တော်တော်လေးကို အားပျော့နေပြီး ဒီနေ့ပွဲမှာ ပွဲထွက်လူစာရင်းအတွင်း အယ်လီဆန်၊ ဆာလာ၊ ဆိုဘိုစလိုင် မပါနိုင်ခဲ့သလို အရန်ခုံမှာတော့ ဂက်ပိုနဲ့ ဂရာဗင်ဘက်ချ်ကလွဲရင် လူငယ်တွေချည်း ဖြည့်ထားတာကို မြင်ရပါတယ်။

ပထမပိုင်းမှာ ဘန်လေအသင်းရဲ့ ကစားပုံက မဆိုးလှဘဲ လီဗာပူးကို မာမာထန်ထန် တုန့်ပြန်ကာ ဘောလုံး ကြာကြာ ကိုင်မထားနိုင်အောင် ဖိအားပေးခဲ့ပါတယ်။ ဂျိုတာ ဦးဆောင်တဲ့ တိုက်စစ်ဟာ အခွင့်အရေး ခပ်များများမရဘဲ ကစားကွက် တည်ဖို့တောင် ခက်ခဲနေခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် မိနစ် ၃၀ လောက်မှာ ထရန့်ရဲ့ ထောင့်ကန်ဘောကနေ ဂျိုတာက ခေါင်းတိုက် ဂိုးသွင်းပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဘန်လေကလည်း ထောင့်ကန်ဘောက တစ်ဆင့် ခေါင်းတိုက်ကာ ခြေပဂိုး သွင်းယူခဲ့တယ်။

ဒုတိယပိုင်းမှာတော့ ညာခြမ်းက ထရန့်ကို ထုတ်ပြီး ကွင်းလယ်လူ ဟာဗေးနဲ့ လူစားလဲခဲ့တာက ထူးဆန်းခဲ့ပါတယ်။ ဟာဗေး ပါလာတာက ကွင်းလယ်ပိုင်း ဘောလုံး ကိုင်မှုနဲ့ ဖိအားပေးမှုတွေကို တိုးတက်စေကာ အသင်းလိုက် ဟန်ချက်ညီလာစေခဲ့ပါတယ်။

ဒုတိယပိုင်း နည်းစနစ် အပြောင်းအလဲက အလုပ်ဖြစ်ခဲ့ပြီး ဒီယက်စ်ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ဒါဝင် နူးညက်စ်ရဲ့ ခေါင်းတိုက်ဂိုးတို့ကို ဟာဗေးက ဖန်တီးပေးခဲ့တာပါ။ နှစ်သင်းလုံးဟာ အခွင့်အရေး ကိုယ်စီ ရခဲ့ကြပေမယ့် အဆုံးသတ် ပိုကောင်းတဲ့ အသင်းကပဲ အနိုင်ရခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ ဇယားထိပ်ကို ပြန်တက်သွားခဲ့ကာ မန်စီးတီးထက် ၁ ပွဲပိုကစားရင်း ပရီးမီးယားလိဂ်ကို ပြန်လည် ဦးဆောင်ပြီ ဖြစ်ပါတယ်။