ချယ်ဆီး နိုင်သွားခဲ့ပေမယ့် ဘောလုံး အကြိမ် တစ်သန်းလောက် ထိပြီး နောက်ပြန်ပေးနေတဲ့ ကစားပုံအား နဗီး ဝေဖန်

ချယ်ဆီးအသင်းဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ် ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရာ ပွဲပြီးခါနီးမှ နှစ်ဂိုးသွင်းလိုက်တာကြောင့် ၁-၃ ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ချယ်ဆီး ကစားပုံ အတော် ကောင်းခဲ့ပေမယ့် ထိုပွဲအတွင်း အဖွင့်ဂိုး ပေးရမှုအတွက် ချယ်ဆီး ကစားသမား ၃ ဦးကို သရဲနီဟောင်းကြီး နဗီးက ပြစ်တင်ခဲ့ပါတယ်။

Selhurst Park ကွင်း မှာ ပဲလေစ့်ဘက်က ဦးဆောင်ဂိုး ရယူခဲ့တာဖြစ်ကာ မာဒူခီရဲ့ ဘောလုံးပေးပုံ မပြတ်သားမှုနဲ့ ကိုင်ဆီဒိုရဲ့ ဘောလုံး မထိန်းနိုင်မှုက တစ်ဆင့် လာမာကပဲ ဧရိယာထိပ်ကနေ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဂိုး အတွက် ဂယ်ရီနဗီးက ” ဆေးဗားထံက ထူးဆန်းတဲ့ ရှင်းထုတ်မှုပဲ၊ မာဒူခီက ဘောလုံးကို ပေါ့ဆခဲ့သလို ကိုင်ဆီဒိုကလည်း မထိန်းထားနိုင်ခဲ့ဘူး။ ” လို့ ဝေဖန်ခဲ့တာပါ။

ချယ်ဆီးအသင်းဟာ ပထမပိုင်းမှာတော့ ခြေစွမ်း အတော်လေး ဆိုးရွားခဲ့ပြီး ဂိုးပေါက် ခြမ်းခြောက်မှု ၁ ကြိမ်တောင် မရှိခဲ့ပါဘူး။

နဗီးက ” ချယ်ဆီးက ဘောလုံးကို အကြိမ် တစ်သန်းလောက် ထိပြီးရင် နောက်ပဲ ပြန်ပေးနေတယ်။ အဲ့ဒါက သဘောဝမကျပါဘူး။ ပဲလေစ့်ကလည်း ဖိအားပေးဖို့ မကြိုးစားဘူး။

ချယ်ဆီးအသင်း ပထမပိုင်းမှာ ကစားသွားတာ ပုံမှန်ပါပဲ။ သူတို့ မျှော်လင့်ချက် မရှိလို့ ပဲလေစ့်ကတောင် ထိုးဖောက်ဖို့ စတင်လာတယ်။ ချယ်ဆီးက ဘောလုံးကို ပေးတာလောက်ပဲ လုပ်နေပြီး အဲ့လောက်တင်ကို အဆင်ပြေပြီ ထင်နေကြတယ် ” လို့ ပြစ်တင်ခဲ့ပါတယ်။