အငှားထွက်ပြီး မကစားရဘဲ ပြန်လာရမယ့် ဂန်းနား၊ အိုဒီဂတ်ရဲ့ တိုက်တွန်းမှု၊ အသိအမှတ်ပြုခံရတဲ့ ရာယာနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

ရာသီဝက် အငှားဖြစ် ဇန်နဝါရီတုန်းက ဝီဂန်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ အာဆင်နယ် လူငယ် ဗဟိုခံစစ်မှုး Omar Rekik ဟာ အသင်းသစ်မှာ ကစားခွင့် မရဘဲ စောပြန်လာရဖွယ် ရှိနေပါတယ်။

အကြောင်းအရင်းကတော့ ဝီဂန်အသင်းဟာ လက်ကျန်ရာသီဝက် အတွက် လူစာရင်း တင်သွင်းရာမှာ ထွက်သွားတဲ့ ကစားသမားဟောင်း ၄ ဦးကို မဖယ်မိတာကြောင့် လူသစ် ထည့်မရဘဲ Omar Rekik စာရင်းမဝင်ဘူး ဖြစ်သွားခဲ့တာပါ။

ဘန်လေကို ၅ဂိုးပြတ် အနိုင်ယူခဲ့တဲ့ အာဆင်နယ် အသင်းမှ ဆာကာနဲ့ အိုဒီဂတ် တို့ဟာ ဘီဘီစီ က ရွေးချယ်တဲ့ တစ်ပတ်တာ အကောင်းဆုံး အသင်းမှာ ပါဝင်ခဲ့ပါတယ်။

လူတန်တောင်းမှာ အငှားထွက် ကစားနေတဲ့ လိုကွန်ဂါဟာ ပြီးခဲ့တဲ့ ယူနိုက်တက်နဲ့ ပွဲမှာ အထူး ခြေစွမ်းပြခဲ့ပြီး နည်းပြ အာတီတာထံ လျစ်လျူရှုမရအောင် လုပ်ခဲ့ပါတယ်။

ကိုင်ဟာဗက်ဇ် က လက်ရှိ အာဆင်နယ် အသင်းမှာ သူ ကစားရတဲ့ နေရာကို အတော် သဘောကျနေပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရနေတယ်လို့ ဆိုပါတယ်။

အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်ကတော့ ဒီရာသီ အဓိက မေဂျာ ဆုဖလားကြီးတွေ ရယူဖို့ အတွက် လာမယ့် ပေါ်တိုနဲ့ ချန်ပီယံလိဂ် ပွဲမှာလည်း အားထုတ်ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဂိုးသမား ဒေးဗစ်ရာယာရဲ့ လက်စွမ်းကို အာဆင်နယ် ပရိသတ်တွေ အသိအမှတ်ပြု ချီးကျူးလာကြပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ရာယာရဲ့ ဖြတ်တင်ဘောတွေ ဖမ်းယူတာနဲ့ အသင်းဖော်တွေထံ ဘောလုံး အမြန် ပေးကာ ကောင်တာ တိုက်စစ် ဆင်စေနိုင်တဲ့ အစွမ်းတွေ ကို အသိအမှတ်ပြုနေကြပါတယ်။