ဒီနေ့ပွဲ ဂိုးသွင်းနိုင်ဖို့ ပွဲမစခင်တည်းက အသင်းဖော် တစ်ဦးထံကနေ ကတိစကား ရထားခဲ့တဲ့ ချူကွာမီကာ

ချယ်ဆီးအသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ တစ်ယောက်လျော့ လက်စတာကို ၄-၂ ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ် အဆင့်ထံ တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

ပထမပိုင်းမှာ ၂-၀ ဖြင့် အနိုင်ရခဲ့ပေမယ့် လက်စတာက ဒုတိယပိုင်း ခြေပဂိုးတွေနဲ့အတူ ၂-၂ ရလဒ် ပြန်လည် ဖော်ဆောင်ခဲ့တာပါ။ နောက်ပိုင်း လက်စတာတို့ တစ်ယောက်လျော့သွားခဲ့ကာ အချိန်ပိုမှာတော့ ချယ်ဆီးအတွက် ချူကွာမီကာနဲ့ မာဒူခီတို့ ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

အနိုင်ဂိုးရှင် ချူကွာမီကာက ” နည်းပြက ကိုယ်ဘာသာ အကောင်းဆုံး လုပ်နိုင်ဖို့ မျှော်လင့်ထားဆိုပြီး ကွင်းထဲ ပို့ခဲ့တာပါ။ သူပြောသလို ကျနော် လုပ်နိုင်ခဲ့တယ်။

ပါလ်မာကလည်း ပွဲမစခင်တည်းက ကျနော် ကွင်းထဲဝင်လာခဲ့ရင် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးမယ် ပြောခဲ့တယ်၊ သူ တကယ်ပဲ လုပ်ပေးခဲ့ပါတယ်။ ပါလ်မာရဲ့ IQ ကတော့ အံ့မခန်းပါပဲ။ သူနဲ့တွဲကစားတည်းက သူ ကျနော်အတွက် ဖန်တီးပေးနိုင်မယ် သိခဲ့ပြီးသားပါ ” လို့ ဆိုခဲ့တယ်။

အက်ဖ်အေဖလားနဲ့ ပတ်သက်လို့တော့ ” ဒီရာသီ ဖလားတစ်လုံးတော့ အောင်မြင်လိုပါတယ်။ အခု ကျနော်တို့ နောက်ဆုံး ၄ သင်းထဲ ပါသွားပြီ။ ဆက်ပြီး နိုင်ပွဲရဖို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ သက်သောင့်သက်သာ နိုင်ပွဲမျိုး ရခဲ့သင့်ပေမယ့်လို့ ဒုတိယပိုင်း စိတ်ပျက်စရာ ခြေစွမ်းတွေကြောင့်ပဲ ခက်ခက်ခဲခဲ ကစားခဲ့ရတယ်။ ဒါပေမယ့်လည်း ပွဲအပြီးမှာတော့ ဝင်ဘာလေထံ သွားနိုင်မယ့် ရလဒ်ကို ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။