တိုနေးကို လက်လျှော့ပြီး အစားထိုး ပစ်မှတ်သစ် ချိန်ရွယ်ခြင်း၊ ဆာလီဘာ၊ မာတင်ကီယွန် ထောက်ခံမှု၊ ပက်ရဲ့ သဘောထားနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

အာဆင်နယ်အသင်းဟာ ကာလရှည် ချိန်ရွယ်နေတဲ့ ဘရန့်ဖို့ဒ် တိုက်စစ်မှုး အိုင်ဗန် တိုနေးကို ခေါ်ယူရေးကနေ နောက်ဆုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ နောက်ထပ် အစားထိုး ပစ်မှတ် အဖြစ် စပို့တင်း တိုက်စစ်သမား Viktor Gyokeres ကို ဂန်းနားတို့ ချိန်ရွယ်နေပါတယ်။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ မတ်လ ၃၁ ရက်နေ့ အာဆင်နယ်နဲ့ ကစားမယ့် ပွဲကို ဗိုလ်လုပွဲလို သတ်မှတ်ထားတယ် လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

စီးတီးရဲ့ နယူးကာဆယ်ကို နိုင်တဲ့ ပွဲမှာ တိုက်စစ်မှုး အာလင်း ဟာလန်း ဒဏ်ရာ ရသွားခဲ့ပြီး အာဆင်နယ်နဲ့ ပွဲမှာ ပါဝင်ဖို့ မသေချာဘူး ဖြစ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၄ အိုလံပစ် ပြိုင်ပွဲမှာ ဆာလီဘာ တစ်ယောက် ပြင်သစ် အသင်းထံ သွားရောက် မပူးပေါင်းအောင် ဖီဖာရဲ့ စည်းမျဉ်းတွေထဲက ဟာကွက်တွေကို အသုံးချသွားဖွယ် ရှိနေပါတယ်။

အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပြိုင်ဘက် ဘိုင်ယန်မြူးနစ် အသင်းကို အမ်းမရိတ်မှာ အိပ်မက်ဆိုး မက်သွားအောင် လုပ်နိုင်စွမ်း ရှိတယ် လို့ မာတင်ကီယွန်က ထောက်ခံ အားပေးလိုက်ပါတယ်။

အိုဝင်ဟားဂရေ့ဗ် ကတော့ အာဆင်နယ်အသင်းဟာ အဘက်ဘက်က ပြီးပြည့်စုံပြီးသား ဖြစ်နေတဲ့ နာပိုလီ တိုက်စစ်မှုး အိုဆီမန် ကို အရ ခေါ်ယူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်က အာဆင်နယ်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ပွဲက ဆုံးဖြတ်ချက် တချို့ဟာ သူတို့ အသင်းကို ထိခိုက်ပြီး ဘောလုံးရာသီ အစောပိုင်းမှာ ယိမ်းယိုင်စေခဲ့ကြောင်း လီဗာပူးနဲ့ ပွဲ အပြီးမှာ မကျေမနပ် ဖော်ထုတ် သွားပါတယ်။