လီဗာပူးကို ခံစစ် ပိတ်မနေဘဲ သူတပြန် ကိုယ်တပြန် တိုက်စစ်ဆင် ကစား၊ နိုင်ခဲ့လို့ ဂုဏ်ယူနေတဲ့ သရဲနီဟောင်းကြီး

ပြီးခဲ့တဲ့ အက်ဖ်အေဖလား နိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးကို ခံစစ်ချည်း ပိတ် ကစားခဲ့တာ မဟုတ်ဘဲ သူတပြန် ကိုယ်တပြန် တိုက်စစ်ဖွင့်ပြီး အနိုင်ရခဲ့တာမို့ ဂုဏ်ယူတယ်လို့ သရဲနီဟောင်း ရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်တို့ ရှုံးနိမ့်မယ်လို့ အများစု ကြိုတင် ခန့်မှန်းခဲ့ကြတဲ့ ဒီပွဲမှာတော့ တန်ဟက်ရဲ့ သရဲနီ ကစားသမားတွေ စာခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့ နောက်ကနေ ဆက်တိုက် လိုက်ကစားခဲ့ကာ အနိုင်ရတဲ့ထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ရွိုင်ကိန်းက ” သိပ်မကြာသေးခင်လတုန်းက အန်ဖီးမှာ လီဗာပူးကို သရေကစားခဲ့တုန်းက ယူနိုက်တက်ဟာ ဘက်စ်ကားကွက်နဲ့ ပိတ်ကန်ပါတယ်လို့ ဝေဖန်ခံခဲ့ရတယ်။ ဒီနေ့ပွဲမှာ သူတို့ ခံစစ်ပိတ်မကစားခဲ့ပါဘူး။

ဒီရလဒ်က သိပ်ကြီးမားတယ်။ ယူနိုက်တက်က ပုံစံကောင်းရဖို့ ကြိုးစားနေပါပြီ။ ဒုတိယပိုင်း ပုံစံတွေကြောင့် ဒီပွဲကို ရှုံးသွားရင်တောင် အကောင်းမြင်စရာ မျှော်လင့်ချက်မျိုး ရလာတယ်လို့ ပြောရဦးမှာ။

ယူနိုက်တက်က ပွဲကြီးတစ်ပွဲကို နိုင်လိုက်တာပါပဲ။ ဒီနိုင်ပွဲက ကစားသမားတွေကို ယုံကြည်မှု ရစေဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဆီမီးဖိုင်နယ်မှာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ အနိုင်ရခဲ့ရင်တော့ ဖိုင်နယ်မှာ မန်စီးတီး vs ချယ်ဆီး အတွဲက တက်လာတဲ့ အသင်းနဲ့ ဗိုလ်လုရဖို့ ရှိနေပါတယ်။