ကိုယ့်အသင်း ကိုယ် ကမ္ဘာ့ အကောင်းဆုံး ထင်နေတဲ့ ဂန်းနားတွေကို စိတ်ပျက်ကြောင်း ပြိုင်ဘက် တိုက်စစ်မှုး ထုတ်ဖော် ပြောဆို

ဝက်စ်ဟမ်း တိုက်စစ်မှုး အန်တိုနီယိုကတော့ လန်ဒန်မြို့ခံ ပြိုင်ဘက် အာဆင်နယ်အသင်း ပရိသတ်တွေရဲ့ မရနိုင်တာကြီးကို ကိုယ့်ဘာသာ လှည့်ဖျားနေတဲ့ ဘဝင်လေဟပ်တဲ့ အပြုအမှုတွေဟာ သူ့ကို အနှောက်အယှက်ဖြစ်စေတယ်လို့ ထုတ်ဖော် ဆိုလာပါတယ်။

ဒီနှစ်တွေမှာ အာတီတာနဲ့အတူ အာဆင်နယ်အသင်း ပြန်လည် တောက်ပလာနေခဲ့ကာ ဆုဖလား စိန်ခေါ်မှုတွေမှာ ပါဝင်လာနေတာပါ။ သို့ပေမယ့် အာဆင်နယ်ပရိသတ်တွေကတော့ ပရီးမီးယားလိဂ်ရဲ့ လူမုန်းအများဆုံး ဘောလုံးအသင်းပရိသတ်တွေထဲ စတင် ပါဝင်လာနေပါတယ်။

ဝက်ဟမ်း တိုက်စစ်သမား အန်တိုနီကတော့ သူ့ရဲ့ အနီးကပ် ပုဂ္ဂိုလ်တွေဟာ အာဆင်နယ်ပရိသတ်တွေဖြစ်ကြောင်း ထုတ်ဖော်ခဲ့သလို မဖြစ်နိုင်တာကို စိတ်ကူးယဉ်နေသူတွေလို့ ခနဲ့ခဲ့ပါတယ်။

အန်တိုနီက “ အာဆင်နယ်ပရိသတ်တွေက ကျနော်ကို အတော်လေး စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ကျနော်ရဲ့ အေးဂျင့်၊ ကျနော့် မိသားစုနဲ့ ကျနော့် သူငယ်ချင်း အာဆင်နယ် ပရိသတ်တွေကို ပြောနေတာပါ။

ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ နီးစပ်လာတာနဲ့ သူတို့တစ်သင်းကပဲ ကမ္ဘာ့အကောင်းဆုံးအသင်း လို ထင်နေကြတာ။ အာဆင်နယ်ပရိသတ်တွေက မဖြစ်နိုင်တာကြီးကို စိတ်ကူးတွေယဉ်ကောင်းနေကြတာ။

မနှစ်တုန်းက ဇယားထိပ်မှာ နေနေတဲ့ အာဆင်နယ်ကို သူတို့ အိမ်ကွင်းမှာ ကျနော်တို့ အနိုင်ယူခဲ့တုန်းကဆိုရင် ကျနော် အေးဂျင့်က ငတုံးကောင်တွေ ဘာတွေတောင် ဖုန်းဆက် ပေါက်ကွဲခဲ့သေးတာ ” လို့ ဆိုခဲ့တာပါ။

လန်ဒန်ပြိုင်ဘက် ပရိသတ်တွေကြောင့် အနှောက်အယှက် ဖြစ်ရပေမယ့် အာတီတာရဲ့ အသင်းကို အန်တိုနီယိုက ချီးကျူးပါတယ်။ နှစ်သစ်ကစလို့ အာဆင်နယ်အသင်း အထင်ကြီးလောက်တဲ့ထိ တုန့်ပြန်ပြနိုင်ခြင်းကို သူက ထောက်ပြခဲ့တယ်။

အန်တိုနီက “ ဒီဇင်ဘာပြီးကတည်းက အာဆင်နယ်ဟာ မနှစ်ကနဲ့မတူဘဲ အတော်လေးကို ကောင်းမွန်စွာ စွမ်းဆောင်ထားနိုင်ပါတယ်။ သူတို့ အရမ်းကို ကောင်းမွန်စွာ ယှဉ်ပြိုင်လာနိုင်ပါတယ် ” လို့ လည်း ချီးကျူးသွားတာ ဖြစ်ပါတယ်။