လီဗာပူးကနေ ထွက်တော့မယ့် ကလော့ပ်ကို မန်ချက်စတာ ယူနိုက်တက် အတွက် ခေါ်မှာလား ရက်ကလစ်ဖ် အဖြေပေး

မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်က Geraint Thomas Cycling Club podcast အစီအစဉ်ကနေ လီဗာပူး နည်းပြ ကလော့ပ် အကြောင်း အထင်ကြီးစွာနဲ့ မှတ်ချက် အနည်းငယ် ပေးခဲ့ပါတယ်။

ဒီနွေမှာ လီဗာပူးကနေ ကလော့ပ် ထွက်ခွာသွားဖို့ ရှိနေကာ ဥရောပ ထိပ်တန်းကလပ်တွေက သူ့ကို ခေါ်ယူရေး စိတ်ဝင်စားနေတာပါ။ ယူနိုက်တက်ကလည်း တန်ဟက်နေရာ မန်နေဂျာသစ်တစ်ဦးဖြင့် အစားထိုးနိုင်ကြောင်း သတင်းတွေ ထွက်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂလန်ဒါဘီအကြောင်း ဆွေးနွေးစကားပြောကြမှုအတွင်း ဆာဂျင်ရက်ကလစ်က ” ကလော့ပ် က သူ့ကစားသမားတွေကို အရူးအမူး ကစားအောင် မောင်းနှင်နိုင်တဲ့ စွမ်းရည်ရှိတယ်။ ကွင်းထဲမှာ အပြည့်အဝ အားထုတ်တယ်။ ဒါက မန်နေဂျာကောင်းတွေရဲ့ လက္ခဏာပဲ ” လို့ ပြောတယ်။

သောမက်စ်က ” မကြာခင် လီဗာပူးကနေ ကလော့ပ် ထွက်တော့မှာနော် ” လို့ သတိပေးခဲ့တယ်။

ရက်ကလစ်ကပဲ ဒါကို နားလည်ပြီး ” လီဗာပူးအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားမှာပါ။ ” လို့ မှတ်ချက်ပေးပါတယ်။

သောမက်စ်က ခပ်နောက်နောက်ဖြင့် ” ယူနိုက်တက် မန်နေဂျာရာထူးအတွက် ကလော့ပ်ကို ခင်ဗျား ခေါ်ယူမှာလား ” လို့ မေးခွန်းထုတ်ခဲ့တယ်။

ဒါပေမယ့် ချက်ချင်းပဲ ရက်ကလစ်က ” ခင်ဗျား ဒီလို မေးခွန်းမျိုး မေးလို့ မရဘူးလေ ” တုန့်ပြန်သွားပါတယ်။

ကလော့ပ်က သူ လီဗာပူးကနေ ထွက်ခွာရင် နောက်ထပ် အင်္ဂလန် ကလပ်အသင်း တစ်သင်းကို ကိုင်တွယ်သွားမှာ မဟုတ်ပါဘူးလို့ ထုတ်ပြောထားကာ နည်းပြလောကကနေ ၁ နှစ် အနားယူဖို့လည်း ပြင်ဆင်ထားပါတယ်။