စီးတီးနဲ့ လီဗာပူး အပြိုင်လိုက်နေတဲ့ အစွန်လူ၊ ဘရာဇီး ပြန်ချင်နေတဲ့ ဆေးဗား၊ ဗာရန်းကို သက်တမ်းမတိုးတဲ့ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်း နည်းစနစ် ဒါရိုက်တာဟောင်း ရစ်ချက်ဟုချ်ကို အားကစား ဒါရိုက်တာသစ်အဖြစ် တရားဝင် ကြေညာကာ ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

သီယေဂို ဆေးဗားဟာ နွေမှာ ချယ်ဆီးကနေ ထွက်ခွာခဲ့ရင် ဇာတိမြေဖြစ်တဲ့ ဘရာဇီးကို ပြန်သွားနိုင်တယ်လို့ သိရပါတယ်။ ဆေးဗားက သူ့ အသင်းဟောင်း ဖလူမီနီးစ်အသင်းမှာ ပြန် ကစားချင်နေပါတယ်။

မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ ဖူလ်ဟမ်အသင်း အစွန်လူ ရော်ဘင်ဆန်ကို အပြိုင် စိတ်ဝင်စားနေကြပါတယ်။ ဖူလ်ဟမ်ဘက်ကတော့ အမေရိကန်သားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း အလိုရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ ဂျပန်သား ခံစစ်သမား တိုမီယာဆုကို ကာလရှည် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါပြီ။

ချယ်ဆီးအသင်းရဲ့ တိုက်စစ်မှူး လူကာကူဟာ ဒီနွေကျရင် ရိုးမားအသင်းထံ အပြီးသတ် စာချုပ်ဖြင့် ပြောင်းရွှေ့သွားနိုင်ပါတယ်။

မန်စီးတီးဟာ အသုံးစရိတ် ရှာဖွေဖို့ရာ နွေဈေးကွက်မှာ ကွင်းလယ် ကစားသမား ဂျက် ဂရီလစ်ကို ထုတ်ရောင်းဖို့ကို ရွေးချယ်လာနိုင်ပါတယ်။

ဘယ်လ်ဂျီယံ တိုက်စစ်သမား ဘာကာယိုကို အား ခေါ်ယူဖို့ လီဗာပူး၊ ချယ်ဆီး၊ မန်စီးတီးတို့ စိတ်ဝင်စားနေကြပါတယ်။ ၎င်းကို ခေါ်ယူမယ်ဆိုရင် ယူရို သန်း ၆၀ ထိ ကျသင့်နိုင်ပါတယ်။

နွေမှာ စာချုပ်ကုန်တော့မယ့် ခံစစ်မှူး ဗာရန်းကို ယူနိုက်တက်ဘက်က စာချုပ်သစ် ကမ်းလှမ်းထားခြင်း မရှိသေးပါဘူး။

ရာဟမ် စတာလင်ဟာ ဆော်ဒီလိဂ်ထံ များပြားတဲ့ လုပ်ခအတွက်ကြောင့်နဲ့ ပြောင်းရွှေ့မှာ မဟုတ်ဘဲ ချယ်ဆီးအသင်းမှာပဲ ပွဲထွက်ခွင့်အတွက် ဆက်လက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ရာသီကုန်ရင် မန်နေဂျာသစ် ခန့်အပ်သွားမယ့် ဘိုင်ယန်မြူးနစ်ဟာ ယာဂင်ကလော့ပ်ကို နည်းပြနေရာအတွက် ကမ်းလှမ်းမှု ပြုလုပ်ဖွယ် မရှိပေမယ့် မော်ရင်ညိုကိုတော့ ချိတ်ဆက်တာမျိုး ရှိလာနိုင်ပါတယ်။

ပရီးမီးယားလိဂ်ထံက ၄ မှတ်လျော့ အရေးယူခြင်း ခံထားရတဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းဟာ နောက်ရာသီမှာ ပြစ်ဒဏ် ထပ်မံကျခံရခြင်း မရှိဖို့ ၎င်းတို့ရဲ့ အဓိက ကစားသမား တစ်ဦးကို ဇွန်လ မကုန်ရင် ရောင်းချရဖွယ် ရှိနေပါတယ်။