ကလော့ပ် မရှိတော့မယ့် လီဗာပူးကို နွေဈေးကွက် မရောက်ခင်တည်းက နှပ်ချဖို့ အသာစီးယူနေတဲ့ မန်စီးတီး

လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလ တိုက်စစ်ပိုင်း အားဖြည့်ရေး ကြိုးစားနေမှုမှာ မန်စီးတီးအသင်းဟာ လီဗာပူးကို အသာရမယ့် အရိပ်အယောင်တွေ ထွက်နေပါပြီ။ ရာသီမကုန်ခင်မှာပဲ ကလပ်အသင်းကြီးတွေကတော့ ကစားသမား ခေါ်ယူရေး အပြိုင် လှုပ်ရှားမှုတွေ စတင်နေတာပါ။

မန်စီးတီး၊ လီဗာပူး အပြင် ပီအက်စ်ဂျီ ပါဝင်တဲ့ ဥရောပ ကလပ် အများအပြားဟာ ပီအက်စ်ဗီအသင်းမှ တိုက်စစ်သမား ဘာကာယိုကို အား ခေါ်ယူလိုနေတာပါ။ ဘယ်ဂျီယံ တိုက်စစ်သမားဟာ နွေမှာ နယ်သာလန်လိဂ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပါတယ်။

တိုက်စစ်မှုး ဘာကာယိုကိုရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို သန်း ၆၀ ထိ ရှိနိုင်မယ်လို့ သိရပြီး ကစားသမားရဲ့ စာချုပ်ကို ကလပ်တွေ အပြိုင် လိုက်နေခဲ့ပါတယ်။

အားလုံးထဲမှာ မန်စီးတီးဟာ သိသိသာသာ တိုးတက်မှုမျိုး ဖော်ဆောင်လာနိုင်နေကြောင်း ဘယ်ဂျီယံ သတင်းထောက် Sacha Tavolieri က ဖော်ထုတ်လာခဲ့တယ်။

၎င်းကတော့ ” မန်စီးတီးအသင်းက ပီအက်စ်ဗီ တိုက်စစ်သမား ဘာကာယိုကို အား စိတ်ဝင်စားနေကြောင်း သတင်းက မှန်ကန်ပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လမှာ စာချုပ်ကုန်တော့မယ့် ကစားသမားရဲ့ စာချုပ်မှာတော့ release clause လုံးဝ မပါဝင်ပါဘူး။ တိုက်စစ်သမားဟာ နယ်သာလန် ကလပ်ကနေ ယူရို ၃၅ သန်း အပြင် ဆုကြေးပါမယ့် ပမာဏနဲ့ ထွက်ခွာခွင့် ရနိုင်ပါတယ် ” လို့ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ တိုက်စစ်သမား ဂရီလစ်ရဲ့ ကြံ့ခိုင်မှုကို စိတ်ပျက်နေသလို ဖိုဒန်နဲ့ ဘာနာဒိုတို့အား ကွင်းလယ်မှာပဲ အသုံးပြုလိုခြင်းကြောင့် တောင်ပံသမား စစ်စစ် တစ်ဦးအား ရှာဖွေလာခြင်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီကုန်ရင် နည်းပြ ကလော့ပ် ထွက်ခွာတော့မှာ ဖြစ်လို့ နည်းပြသစ် ခန့်အပ်ရေး အပြင် ကစားသမား ခေါ်ယူမှုအပိုင်း တာဝန်ရှိသူတွေကိုပါ အပြောင်းအလဲ ပြုလုပ်နေပါတယ်။