လာမယ့် နွေမှာ လီဗာပူး ကြယ်ပွင့် ကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်ချိန်ရွယ်လာတဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးအသင်း ညာအစွန်လူ ကြယ်ပွင့် ကစားသမား ထရန့် အလက်ဇန်းဒါး အာနိုးကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သတင်းတွေ တက်လာနေပြီဖြစ်ပါတယ်

လီဗာပူး အကယ်ဒမီထွက် ကစားသမားဟာ ၂၀၁၆ မှာ ယာဂင်ကလော့ပ်ရဲ့ လူစာရင်းထဲ ရောက်လာခဲ့ကာ ဒီနှစ်တွေအတွင်း လီဗာပူးအသင်း အောင်မြင်မှုတွေအတွက် အဓိကကျလှတဲ့ ထရန့်ဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေကို အောင်မြင်ထားသူပါ။

ကစားသမားက နောက်ထပ် စိန်ခေါ်မှုတွေကို ရယူလိုကြောင်း ထုတ်ပြောလာတာမျိုး မရှိသေးပေမယ့်လို့ သူ့ရဲ့ လီဗာပူး စာချုပ်ဟာ ၂၀၂၅ ခုနှစ်ထိပဲ ရှိထားပါတယ်။ စာချုပ်သစ်အကြောင်း လီဗာပူးနဲ့ စကားပြောနေခြင်းလည်း မရှိသေးပါဘူး။

ရီးရဲလ်မက်ဒရစ်ဘက်က ထရန့်ရဲ့ စာချုပ် အခြေအနေကို စောင့်ကြည့်လာခြင်းဖြစ်ကာ လီဗာပူးဘက်ကတော့ ကစားသမားကို ရောင်းချလိုရိပ် မပြထားဘူးလို့ သတင်းထောက် ရိုမန်နိုက ပြောပါတယ်။

၂၀၂၁ မှာ လီဗာပူးနဲ့ ၄ နှစ် သက်တမ်းတိုးခဲ့တဲ့ ထရန့်ဟာ လက်ရှိ လီဗာပူးရဲ့ လုပ်ခ အမြင့်ဆုံးရ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ရာသီကုန်မှာ ကလော့ပ် ထွက်တော့မှာမို့ ထရန့် ကိုယ်တိုင်လည်း ဆက်နေမလား သေချာ မသိရသေးပါဘူး။

လက်တလော ဒူးဒဏ်ရာ ရနေတဲ့ ထရန့်ဟာ နိုင်ငံတကာ သီတင်းပတ်တွေ အပြီးမှာတော့ လီဗာပူးအတွက် ပြန်ပြီး ပွဲထွက်ဖွယ် ရှိပါတယ်။

သူနဲ့တကွ ဗန်ဒိုက်၊ ဆာလာတို့ကို သက်တမ်းတိုးဖို့ဟာ လီဗာပူး အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုလည်း ဖြစ်လာဖို့ ရှိနေပါတယ်။