သရဲနီ ကြယ်ပွင့် မိုင်နူး မဟုတ်ဘဲ ဆောက်ဂိတ် အင်္ဂလန်အသင်းအတွက် အရင် ခေါ်ယူသင့်တဲ့ ပရီးမီးယားလိဂ် စတား တစ်ဦး

ဒီ စနေနေ့ ည မှာ ယှဉ်ပြိုင်ကစားမယ့် ဘရာဇီးအသင်းနဲ့ ခြေစမ်းပွဲနဲ့ အင်္ဂါနေ့မှာ ယှဉ်ပြိုင်မယ့် ဘယ်ဂျီယံပွဲအတွက် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က မန်ချက်စတာ ယူနိုက်တက် လူငယ် ကြယ်ပွင့်လေး မိုင်နူးကို အင်္ဂလန်အသင်း အတွက် ရွေးချယ် ခေါ်ယူထားပါတယ်။

ယူနိုက်တက် ကွင်းလယ်လူငယ် ကြယ်ပွင့်လေးဟာ ဒီ ၂ ပွဲအတွင်း အင်္ဂလန်အတွက် ပွဲထွက်ခွင့် ရသွားနိုင်ကာ ဒါဟာ ၁၈ နှစ်အရွယ် ကစားသမားကို ယူ-၂၁ အသင်းမှာတောင် အစမ်းသပ်မခံဘဲ အဆင့်ကျော်ပြီး အသုံးပြုခြင်းလို့ မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။

ကနဦးမှာ မိုင်နူးဟာ ယူ-၂၁ အတွက် ကစားပေးရမှာဖြစ်ကာ သူ မပါတဲ့ လူငယ်အသင်းက သောကြာနေ့တုန်းမှာ အဇာဘိုင်ဂျန်အသင်းကို ၅-၁ ဖြင့် အနိုင်ရရှိသွားပါတယ်။

အဆိုပါပွဲမှာ ဟာဗေး၊ မာဒူခီ၊ ဂျေဒန်တို့က အင်္ဂလန်အတွက် ဂိုးတွေ သွင်းပေးခဲ့ကာ ၂၀၂၅ ယူ-၂၁ ယူရိုပြိုင်ပွဲ ခြေစစ်ပွဲအတွက် သက်သောင့်သက်သာ နိုင်ပွဲကို ရယူပေးခဲ့ပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းမှာတော့ အဓိက ကစားသမား ဟာဗေး အီလီယော့ ဟာ ၁၉ ပွဲကစား ၈ ဂိုးထိ သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းမှာလည်း ခြေစွမ်းပြနေသူဖြစ်ကာ အင်္ဂလန်လက်ရွေးစင်မှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်နေပြီလို့ မှတ်ချက်ပေးခံလာရပါတယ်။

” ဟာဗေးက အင်္ဂလန်စီနီယာအသင်းမှာ ရွေးချယ်ခံရသင့်ပါပြီ။ ”

” သံသယရှိစရာ မလိုဘူး။ ဟာဗေးက မိုင်နူး၊ ဂါလယ်ဂါ၊ ဟန်ဒါဆန်တို့ကို ကျော်ပြီး အင်္ဂလန်မှာ ရွေးခံရသင့်သူပါ။ ”

” ဟာဗေးက ယူ-၂၁ အဆင့်အတွက် ကောင်းလွန်းနေပါတယ်။ ဆောက်ဂိတ်က သူ့ကို မရွေးတာက သူက လန်ဒန်အသင်းတစ်သင်း ဒါမှမဟုတ် မန်ချက်စတာ တစ်သင်းအတွက် ကစားပေးတာ မဟုတ်လို့ ထင်ပါတယ်။ ” စသဖြင့် ထောက်ပြ မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။