ရီးရဲလ်မက်ဒရစ် ကစားသမား ၂ဦး ကို ခေါ်ပြီး အာဆင်နယ်ကို တစ်ဆင့်မြှင့်ဖို့ ရည်ရွယ်နေတဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ရီးရဲလ်မက်ဒရစ် ကစားသမား ၂ဦး ကို ခေါ်ပြီး အသင်းကို တစ်ဆင့်မြှင့်တင် အားဖြည့်ဖို့ ရည်ရွယ်နေပါတယ်။

ဂန်းနားတို့ ချိန်ရွယ်နေတာကတော့ ဘရာဇီးသား တောင်ပံ တိုက်စစ်သမား ရိုဒရီဂိုနဲ့ ယူကရိန်းသား ဂိုးသမား Andriy Lunin တို့ ဖြစ်ပါတယ်။

စပိန်ဘက်က သတင်းတွေ အဆိုအရ အာဆင်နယ်ဟာ အသက် ၂၃ နှစ် အရွယ် တိုက်စစ်သမား ရိုဒရီဂို အတွက် ပြီးခဲ့တဲ့ အပတ်က ရီးရဲလ်ထံ ဆက်သွယ် မေးမြန်းခဲ့တယ် လို့ သိရပါတယ်။ ရိုဒရီဂို ကို လီဗာပူး အသင်းကလည်း မျက်စိကျနေတာပါ။

ဒ့ါအပြင် ဒီတပတ် အစောပိုင်းမှာလည်း အာဆင်နယ်က ဂိုးသမား Andriy Lunin ကို စိတ်ဝင်စားနေပြီး ၎င်း အတွက် ပေါင် ၁၇.၂ သန်း ပေးကာ ခေါ်ယူဖို့လည်း အသင့် ရှိနေကြောင်း သိရပါတယ်။ တကယ်လို့ ဒီနွေမှာသာ မခေါ်နိုင်ရင် ၂၀၂၅ မှာ အလွတ်နဲ့ ခေါ်ဖို့ထိလည်း ဂန်းနားတို့က စီစဉ်နေပါတယ်။

ဂိုးသမား Andriy Lunin ကို ရီးရဲလ်မက်ဒရစ်က နွေမှာ ရောင်းချဖွယ် ရှိနေပြီး ယူကရိန်းသား ကိုယ်တိုင်ကလည်း အသင်းပြောင်းခွင့် တောင်းဆိုဖွယ် ရှိပါတယ်။

ရိုဒရီဂိုတော့ ရီးရဲလ်မက်ဒရစ်မှာ အရေးပါတဲ့ အသင်းသား ဖြစ်နေပြီး ဒီရာသီ ၄၁ ပွဲ ကစားကာ ၁၃ ဂိုး သွင်း၊ ၈ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

အာဆင်နယ်နဲ့ အာတီတာရဲ့ ရွှေ့ကွက်တွေက ရီးရဲလ် အသင်းသား နှစ်ဦးကို အရ ခေါ်ယူနိုင်မလား ဆိုတာကို နွေမှာတော့ စောင့်ကြည့်ရဦးမှာပါ။