အင်္ဂလန် MOTM ရ မိုင်နူး၊ ဘာစီ ဆယ်ကျော်သက် ပစ်မှတ်၊ ဒဏ်ရာရှိ ရက်ဖို့ဒ်၊ မရေရာတဲ့ ဗန်ဒီဘိခ်နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မနေ့ညက အင်္ဂလန် ၂-၂ ဘယ်လ်ဂျီယံ ခြေစမ်းပွဲစဉ်မှာ မိုင်နူး အင်္ဂလန်အသင်း ပွဲထွက် လူစာရင်းကနေ ပါဝင်ခဲ့ပြီး ၇၄ မိနစ်ထိ ပါဝင် ကစားကာ ခြေစွမ်းပြခဲ့ပါတယ်။ ပွဲအပြီးမှာလည်း အင်္ဂလန်အသင်းရဲ့ ပွဲစဉ် အကောင်းဆုံး ကစားသမား ဆု ပါ ရရှိခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘာစီလိုနာရဲ့ အသက် ၁၉ နှစ် ရွယ် နောက်ခံလူလေး Mikayil Faye ကို စောင့်ကြည့်နေပြီး နွေမှာ လှုပ်ရှားလာနိုင်တယ်လို့ ဒေးလီးမေးလ်သတင်းက ဖော်ပြလာပါတယ်။ ဆီနီဂေါ လက်ရွေးစင် အသင်းမှာ တစ်ပွဲ ပါဝင်ကစားထားပြီ ဖြစ်တဲ့ လူငယ်လေး အတွက် ဇန်နဝါရီတုန်းက ပေါင် ၁၃ သန်းနဲ့ ကမ်းလှမ်းမှု ရခဲ့သေးပေမယ့် ဘာစီလိုနာက ပယ်ချခဲ့ပါတယ်။

မန်ယူနိုက်တက် နည်းစနစ် ဒါရိုက်တာ ဒါရင်း ဖလက်ချာ ကတော့ လီဗာပူးနဲ့ ပွဲမှာ ကိုယ်ရည်ကိုယ်သွေးကောင်းတွေ ပြသနိုင်ခဲ့တဲ့ အာမတ် ဒီယာလို ကို ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

မားကပ် ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့လ ဖောရက်စ်နဲ့ ပွဲတည်းက စလို့ ဒဏ်ရာ ရှိနေပြီး အခုထိ တောင့်ခံ ကစားပေးနေတာ ဖြစ်ကြောင်း The Times သတင်းက ဖော်ထုတ်လာပါတယ်။ ဒါပေမယ့် ဒီတလော ပွဲတွေမှာ ရက်ဖို့ဒ်က ကောင်းမွန်စွာ စွမ်းဆောင်နေပြီး နောက်ဆုံး ၃ ပွဲ ဆက် ဂိုးလည်း သွင်းခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် နောက်ခံလူ ဂျာရတ် ဘရတ်ဝိတ်သ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကေငာ်းနေပါတယ်။ ယူနိုက်တက်ဟာ အင်္ဂလန်သားကို ပေါင် ၄၅ သန်း လောက်နဲ့ ခေါ်ယူနိုင်မယ် လို့ talkSPORT က သုံးသပ်ထားပါတယ်။

ဖရန့်ဖတ်မှာ အငှား ထွက် ကစားနေပေမယ့် ခြေစွမ်းမပြနိုင်တဲ့ ယူနိုက်တက် ကွင်းလယ် ကစားသမား ဗန်ဒီဘိခ် ရဲ့ အနာဂတ်ဟာ မရေရာသေးဘဲ အသင်းဘက်ကလည်း ဆုံးဖြတ်ချက် မချရသေးဘူးလို့ သတင်းထောက် ရိုမန်နို က ဖော်ထုတ်လာပါတယ်။

ဘောလုံး သုံးသပ်ဆရာကြီး ရစ်ချက်ကီးစ်က နွေမှာ ယူနိုက်တက် နည်းပြ အပြောင်းအလဲ လုပ်သင့်တယ် ဆိုပေမယ့် ဆောက်ဂိတ်ကို မစဉ်းစားဘဲ ဒပ်ချမ့်၊ ဇီဒန်း၊ ဇာဗီ အလွန်ဆို တို့ကို ရွေးချယ်တာကမှ ပိုကောင်းတဲ့ လမ်းကြောင်း ဖြစ်မယ် လို့ သုံးသပ် ထောက်ပြသွားပါတယ်။