ဘရိုက်တန်ကို အနိုင်ယူအပြီး မန်စီးတီး vs အာဆင်နယ်ပွဲအကြောင်း မှတ်ချက်ပေးခဲ့တဲ့ မက်ကယ်လစ္စတာ

အန်ဖီးမှာ ယှဉ်ပြိုင်ကစားတဲ့ လီဗာပူး၊ ဘရိုက်တန်ပွဲကတော့ ၂-၁ ရလဒ်နဲ့အတူ အိမ်ရှင်အသင်းက အနိုင်ရသွားပါတယ်။

ပွဲအစမှာတင် မထင်မှတ်ဘဲ ဘရိုက်တန်က ဦးဆောင်ဂိုးရခဲ့ကာ ဝဲလ်ဘတ်က အပြင်းကန်သွင်းပြီး ဂိုးရယူပေးခဲ့တာပါ။ နောက်က လိုက်ကစားရတာကြောင့် လီဗာပူးအသင်း နည်းနည်းပြာသွားခဲ့ပြီး ဖိအားတွေ ရှိသွားပေမယ့် ဂိုးရဖို့ ချက်ခြင်း အားထုတ်လာခဲ့ပါတယ်။

ဘရိုက်တန်ရဲ့ ခံစစ်ကစားပုံ ကောင်းမွန်တာကြောင့် ဆာလာတို့ ခြေပဂိုး ဂိုးလွယ်လွယ် ယူမရပေမယ့် ဒီယက်ဇ်ရဲ့ ပါးနပ်တဲ့ အဆုံးသတ်က ပထမပိုင်းမပြီးခင် ၁-၁ ရလဒ်ဖြစ်စေခဲ့တယ်။ အသက်ရှုချောင်သွားတဲ့ လီဗာပူးတို့ ဆက်တိုက် ထိုးဖောက်မှုတွေလုပ်ပေမယ့် ဆာလာ အဆုံးသတ် အားနည်းနေသလို တိုက်စစ်က တွဲဘက်သိပ်မမိခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း လီဗာပူးက သိသိသာသာ ပွဲကို စိုးမိုးကစားခဲ့ပါတယ်။ မက်ကယ်လစ္စတာ အတော်ကောင်းသလို ညာခြမ်းက ဘရတ်ဒလေကလည်း တိုက်စစ်ကော ခံစစ်မှာပါ တက်ကြွစွာ ပါဝင်ကစားခဲ့ပါတယ်။

လီဗာပူးအတွက် ဦးဆောင်ဂိုးကတော့ ဆိုဘိုစလိုင်း၊ မက်ကယ်လစ္စတာတို့ရဲ့ တွဲလုံးကနေ ဆာလာရဲ့ ခြေထောက်ရောက်အောင် ဘောလုံးပို့ပေးခဲ့ရာမှာ ဆာလာအတွက်ကတော့ တည်တည်ငြိမ်ငြိမ် အဆုံးသတ်ဖို့ပဲ ရှိပါတယ်။

နောက်ပိုင်းမှာ ကောင်တာကနေ ဒီယက်ဇ် အဆုံးသတ်ပေမယ့် လူကျွံနေခဲ့သလို နောက်ထပ် တစ်ကြိမ် ဒီယက်ဇ်၊ ဆာလာ ကောင်တာမှာတော့ ဆာလာ ဂိုးသမားတည့်တည့် ကန်ခဲ့ပါတယ်။ ဒီပွဲမှာ ဆာလာ သိပ်မကောင်းပေမယ့် သူ့ရဲ့ ခြိမ်းခြောက်နိုင်စွမ်းက ကြီးမားဆဲပါပဲ။

ပွဲအပြီးမှာ မက်ကယ်လစ္စတာက ” အိမ်မှာ အချိန်ရရင် မန်စီးတီးနဲ့ အာဆင်နယ်ပွဲကို ပြန်ကြည့်မှာပါ။ အဲ့တာက သိပ်ကောင်းတဲ့ပွဲဖြစ်မှာပါ။ ကျနော် ကြည့်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရလဒ်ကတော့ သိပ် အရေးမကြီးပါဘူး ” လို့ ပြောဆိုသွားပါတယ်။

အိမ်ကွင်းမှာ နိုင်ပွဲရခဲ့တဲ့ လီဗာပူးဟာ ဒီနိုင်ပွဲကြောင့် မန်စီးတီး vs အာဆင်နယ် ပွဲမတိုင်ခင် အမှတ်ပေးဇယားကို ၃ မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။