သရေပွဲ အပြီးမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရေးအတွက် တလေသံတည်း ထွက်လာတဲ့ ပက် ဂွာဒီယိုလာနဲ့ အာတီတာ

မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လီဗာပူးက ဘရိုက်တန်ကို ၂-၁ ဖြင့် အနိုင်ရကာ မန်စီးတီးနဲ့ အာဆင်နယ်ကတော့ ဂိုးမရှိ သရေကျခဲ့တာကြောင့် ဇယားထိပ်ပိုင်း အပြောင်းအလဲဖြစ်လာခဲ့ပါတယ်။

လီဗာပူးအသင်းက ဇယားထိပ်ကို ပထမ နေရာ တက်သွားခဲ့ကာ ဒုတိယနေရာက အာဆင်နယ်ကို ၂ မှတ်၊ တတိယနေရာက မန်စီးတီးကို ၃ မှတ် ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒီကရှေ့ ဖလားစိန်ခေါ်ဘက် အသင်းတွေကြား ထိပ်တိုက်တွေ့မယ့်ပွဲ မရှိတော့ပါဘူး။

ဒါကြောင့် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် ၉ ပွဲမှာ ပွဲအားလုံးကို အနိုင်ရမယ်ဆိုရင် ပြိုင်ဘက်တွေရဲ့ ရလဒ်ကို ကြည့်စရာ မလိုဘဲ လီဗာပူးက ချန်ပီယံဖြစ်သွားတော့မှာပါ။

အာဆင်နယ်နဲ့ မန်စီးတီးနည်းပြတို့ကလည်း ဒီအခြေအနေကို နားလည်ထားကြကာ အခွင့်အရေးက လီဗာပူးလက်ထဲမှာပါလို့ ပွဲအပြီးမှာ ဝန်ခံစကား ပြောလာကြပါတယ်။

အာတီတာက ” အီတီဟတ်ကွင်းကို လာပြီး ကျနော်တို့ လုပ်သလို လုပ်ပြနိုင်ခဲ့တဲ့အသင်း များများစားစား မရှိပါဘူး။ ကျနော်တို့ နိုင်ချင်ခဲ့တာပါ၊ တုန့်ပြန်ပြချင်ခဲ့ပါတယ်။ ကံမကောင်းစွာဘဲ လီဗာပူးရဲ့ ရလဒ်ကို ကျနော်တို့ သိထားပါတယ်။ ဒါပေမယ့် ဆက်သွားရမှာပါ။ ပွဲတွေအများကြီး ကစားရဖို့ ရှိနေပါတယ် ”

ဂွာဒီယိုလာကလည်း ” လီဗာပူးက ထိပ်ဆုံးမှာပါ။ ဒါပေမယ့် ပွဲကစားဖို့ ၉ ပွဲရှိနေပါသေးတယ်။ ဘာဖြစ်လာမလဲ ကြည့်ရတာပေါ့ ” လို့ ထုတ်ပြောသွားတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူဖို့ အပြိုင် ဖြစ်နေတဲ့ ၃ သင်းလုံးဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေမှာလည်း ကွာတားဖိုင်နယ် အဆင့်တွေထံ တက်ရောက်နေသေးကာ မန်စီးတီးကတော့ အက်ဖ်အေပွဲ ပိုကစားရဖို့ ရှိနေပါတယ်။

လက်ကျန် လိဂ်ပွဲ ၉ ပွဲမှာတော့ လီဗာပူးကလည်း အမှားမခံတော့ သလို ကျန်နှစ်သင်းကလည်း အမှတ်လျော့ခံလို့ မရတဲ့ အနေအထား ဖြစ်နေပါပြီ။