သူ့အနာဂတ်အကြောင်း ထုတ်ပြောလာတဲ့ လီဗာပူးပစ်မှတ် စပို့တင်းလစ္စဘွန်းနည်းပြ အမ်မိုရင်း

စပို့တင်းနည်းပြ အမ်မိုရင်းကတော့ ပေါ်တူဂီမှာ ဆုဖလားတွေအတွက် တိုက်ခိုက်နေပြီး လမ်းကြောင်းမှန်မှာ ရှိနေသေးပေမယ့် အနာဂတ်အတွက် အာမခံချက် မပေးတော့ပါဘူး။

သူ့ကို ခေါ်ယူဖို့ လီဗာပူးအသင်းဘက်က အလေးအနက် ကြိုးစားနေခဲ့ခြင်းဖြစ်ကာ ပေါ်တူဂီသားကလည်း အန်ဖီးထံ ပြောင်းလာလိုကြောင်း အသံတွေ ကျယ်လောင်လာခဲ့ပါတယ်။

ဒီအပတ်ပွဲကြို ပေါ်တူဂီမီဒီယာတွေနဲ့ အင်တာဗျူးမှာတော့ စပို့တင်း ဆုဖလား မအောင်မြင်ရင် နွေမှာ ထွက်ခွာမယ်လို့ အမ်မိုရင်းက ပေါ်တင် ထုတ်ပြောလာခဲ့သလို အနာဂတ်မှာ စပို့တင်းမှာပဲ ဆက်ရှိနေဖွယ် မရှိကြောင်း ပြောလာခဲ့ပါတယ်။

“ အနာဂတ်နဲ့ပတ်သက်လို့ စပို့တင်းဘက်က ကိုင်တွယ်နေပါတယ်။ ကျနော် မဆုံးဖြတ်ရသေးပါဘူး။ ကျနော်ကတော့ ပေးထားတဲ့ကတိကို မဖျက်တော့ပါဘူး။ ဒီရာသီ ဖလားမအောင်မြင်ရင် စပို့တင်းကနေ ထွက်ခွာမှာပါ။ ဒါက အစတည်းက ကစားသမားတွေကို ကျနော် စည်းရုံးထားတဲ့ ကိစ္စပါ။

ကျနော်တို့ ဆုဖလားတွေ အနိုင်ရရမယ်။ ဆုဖလားရနိုင်မလား ကြည့်ပြီးမှ ဘာဆက်လုပ်ရမလဲ ဆုံးဖြတ်ပါမယ်။ အနာဂတ်အတွက်က ပလန်ချထားခဲ့တာ ကြာပါပြီ။ နောက်ရာသီအတွက် အကြမ်းဖျင်း အခြေအနေတွေ ရှိထားပါတယ်။

ဒီတော့ စပို့တင်းမှာ ဆက်နေမယ်လို့ ကျနော် အာမခံချက် မပေးနိုင်တော့ပါဘူး။ ဆုဖလားတွေ အနိုင်ရဖို့လိုတယ်။ ကျနော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ် ” လို့ ထုတ်ဖော်သွားတာ ဖြစ်ပါတယ်။

အမ်မိုရင်းရဲ့ စာချုပ်မှာတော့ အနိမ့်ဆုံး ပေါင် ၈.၆ သန်းကနေ အမြင့်ဆုံး ပေါင် ၁၇ သန်းထိ ပေးရမယ့် စာချုပ်ပါကြေး ပါဝင်ထားတာ ဖြစ်ပါတယ်။