အိုးထရတ်ဖိုဒ့်မှာ လီဗာပူးကို ရင်ဆိုင်ကစားရမယ့် ယူနိုက်တက်ကို သနားမိတယ်လို့ ဂန်းနားဟောင်းကြီး အီရန်ရိုက်က ဒီကနေ့ည ပွဲကြိုမှာ ထုတ်ပြောလာပါတယ်။
လွန်ခဲ့တဲ့ ၃ ပတ်လောက်က ဒီနှစ်သင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့ခဲ့ရာမှာ တန်ဟက်တို့က အနိုင်ရပြီး လီဗာပူးကို ဖလားပြိုင်ပွဲကနေ ကန်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီညမှာလည်း နောက်ထပ် ဖလားတစ်လုံးအတွက် နှစ်သင်း ထိပ်တိုက်တွေ့နေကာ ဇယားထိပ်က အာဆင်နယ်ကို ပြန်ပြီး ကျော်တက်ဖို့ လီဗာပူးတို့ နိုင်ပွဲ လိုအပ်နေပါတယ်။ ဒါကပဲ ယူနိုက်တက်အတွက် စိတ်မကောင်းစရာတွေ ဖြစ်လာတော့မှာလို့ အီရန်ရိုက်က မြင်ပါတယ်။
အီရန်ရိုက်က ‘ ယူနိုက်တက်အစား ကြောက်နေမိတယ်။ ဒီပွဲကို လီဗာပူးအသင်းဘက်က အက်ဖ်အေဖလားပွဲထက် ပိုအာရုံစိုက်လာမှာပါ။ ပိုပြီး အညှာအတာကင်းကင်း ကစားလာပါလိမ့်မယ်။
ယူနိုက်တက်ကလည်း အညှာအတာကင်းကင်း ကစားနိုင်သလို ဂနာချိုကလည်း ခြိမ်းခြောက်မှုဖြစ်ပေမယ့် လီဗာပူးက ဒီပွဲကို အကောင်းဆုံး ယှဉ်ပြိုင်လာမှာ။
အိုးထရတ်ဖိုဒ့်ဆိုတာလည်း ခံတပ်မှ မဟုတ်တော့တာဘဲ။ လီဗာပူးအသင်း တကယ် အာရုံစိုက်ကစားရင် ယူနိုက်တက်အတွက် ကြီးကြီးမားမား စိုးရိမ်စရာပါ ’ လို့ ထုတ်ပြောခဲ့တာပါ။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို ဖမ်းဆုပ်ဖို့ရာ ဒီပွဲမှာ လီဗာပူးကို အနိုင်ယူဖို့ လိုအပ်သလို အမှတ်ပေးဇယား ထိပ်ဆုံးပြန်တက်ဖို့ ကလော့ပ်တို့ အသင်းကလည်း နိုင်ပွဲလိုနေတာ ဖြစ်ပါတယ်။