ဘာကြောင့် လီဗာပူးအသင်းက ယူနိုက်တက်ကို အနိုင်မရခဲ့တာလဲ ရှင်းပြမှု

အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားတဲ့ ယူနိုက်တက်နဲ့ လီဗာပူးပွဲကတော့ ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ကာ အမှတ်ပေးဇယား အပြောင်းအလဲပါ ဖြစ်သွားခဲ့ပါပြီ။

လီဗာပူးအသင်းဟာ ပထမပိုင်းမှာ ယူနိုက်တက်ကို ဂိုးပေါက် ခြိမ်းခြောက်မှု လုံးဝ မရှိအောင် ထိန်းချုပ်နိုင်ခဲ့ကာ ဒီယက်ဇ်ရဲ့ သွင်းဂိုးနဲ့အတူ ၁-၀ ဖြင့် ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဒုတိယဂိုး ထပ်ရအောင် မသွင်းနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ဘက်က ခြေပဂိုးအပြင် ဦးဆောင်ဂိုးပါ သွင်းယူကာ လီဗာပူးကို ဖိအားတွေအောက် ပို့ခဲ့ပါတယ်။ ပင်နယ်တီကနေ ဆာလာ သွင်းယူခဲ့တာကြောင့် လီဗာပူးတို့ သရေရလဒ် ပြန်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် အာဆင်နယ်အသင်းဟာ ရမှတ်တူ၊ ဂိုးကွာခြားချက် အသာဖြင့် ဇယားထိပ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။

အိုးထရတ်ဖိုဒ့်ပွဲအပြီးမှာ လီဗာပူးက ယူနိုက်တက်ကို မနိုင်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ရာမှာ ကာရေဂါကတော့

” ဒီပွဲရလဒ်အတွက် လီဗာပူးက သူတို့ဘာသာပဲ အပြစ်တင်ရပါလိမ့်မယ်။ အက်ဖ်အေဖလား ပွဲစဉ်နဲ့အတူတူပါပဲ။ သူတို့ အဆုံးသတ်ပိုင်းတွေ လုံလောက်အောင် မကောင်းခဲ့သလို ခံစစ်ပိုင်းကြောင့်လည်း ၂ မှတ် ဆုံးရှုံးခဲ့ရပါတယ် ” လို့ ထောက်ပြခဲ့ပါတယ်။

လီဗာပူးခံစစ်ဟာ ဒီပွဲမှာ အမှားကြီး ၂ ကြိမ် လုပ်ခဲ့ကာ ၂ ကြိမ်စလုံး ဂိုးပေးရတဲ့ထိ လိုအပ်ချက် ရှိခဲ့တာပဲ ဖြစ်ပါတယ်။