၁ဝ ပွဲ ကစားရင် ၉ပွဲလောက်နိုင်တဲ့ အတွဲဖက် ရှိနေတာတောင် ဖျက်ပစ်တဲ့ နည်းပြ အာတီတာ အား ပြစ်တင်လိုက်သူ

မနေ့ညက အမ်းမရိတ်မှာ အာဆင်နယ်အသင်း အက်စတွန်ဗီလာကို ရှုံးခဲ့တာဟာ အာတီတာရဲ့ လူစာရင်း ရွေးချယ်မှု လိုအပ်ချက်ကြောင့်လို့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အပြစ်တင်လိုက်ပါတယ်။

ပေါမာဆန် က နည်းပြ အာတီတာက ဂျေးဆုနဲ့ ထရော့ဇတ်တို့ကို ပွဲထွက်လူစာရင်းကနေ ထုတ်သုံးခြင်းကို အပြစ်တင်ခဲ့ကာ စပိန်သားရဲ့ အကြောက်လွန်မှုကပဲ ဒီလိုရလဒ် ထွက်စေခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ပေါမာဆန်က ” ပွဲမစခင်တည်းက ကျနော် ပြောပါတယ်။ အာတီတာရဲ့ ပွဲထုတ်ပုံကို ကျနော် မကြိုက်ဘူးလို့။ အပတ်တိုင်း နိုင်နေတဲ့ လူစာရင်းကိုပဲ ဆက်ထုတ်သုံးရမှာပါ။ ဘိုင်ယန်ပွဲမှာ ဂျေးဆုက လူစားဝင်လာပြီး နည်းနည်းကောင်းပြလိုက်တာနဲ့ ဟာဗက်ဇ်ကို သူ့နေရာက ဖယ်ထုတ်လိုက်တော့တာပဲ။

ဂျော်ဂျင်ဟိုနဲ့ ဟာဗက်ဇ် တွဲကစားရင် ၁ဝ ပွဲမှာ ၉ ပွဲလောက်နိုင်တာကို သူက ထုတ်မသုံးဘူး။ အရင်ရာသီ ဆောက်သမ်တန်ပွဲတုန်းကလည်း ဂျော်ဂျင်ဟိုကို ဒီလိုပဲ ချန်ခဲ့တာပဲ။

ပုံမှန်ဆို ဂျေးဆုနဲ့ ထရော့ဇတ်က အရန်ကနေပဲ ဝင်ကစားရမှာပါ။ လူတိုင်းက ဖိအားတွေရှိနေတယ်။ အခုလို အချိန်မှာ ဂွာဒီယိုလာလိုမျိုး သွေးအေးအေးဖြစ်နေရမှာ ” လို့ ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မန်စီးတီးနောက် ၂ မှတ်အကွာကို ရောက်သွားခဲ့ကာ ပွဲကြပ်တွေ ကျန်ရှိနေသေးတာမို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ အခွင့်အရေး နည်းလာခဲ့ပါပြီ။

ပေါမာဆန်က ” ကျနော်အတွက်ကတော့ အာဆင်နယ်ရဲ့ ဖလားမျှော်လင့်ချက် အဆုံးသတ်သွားပါပြီ။ ၁၀၀% သေချာပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။