ဂန်းနားတို့ရဲ့ ခါးသီး ပြိုင်ဘက် တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူးဟောင်း ဂါဘရီရယ် ဟိန့်ဇီဟာ အာဆင်နယ်အသင်း နည်းပြအဖွဲ့ထဲ ပူးပေါင်း ပါဝင်သွားဖို့ ရှိနေပါတယ်။
ဒီအပတ် လန်ဒန်မှာ ဟိန့်ဇီနဲ့ အာတီတာတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ကာ အာဂျင်တီးနားသားကြီးဟာ အာတီတာရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် အလုပ်လုပ်ဖို့ သဘောတူဖို့ များနေပါပြီ။
ယူနိုက်တက်အတွက် ၃ ရာသီ ကစားခဲ့ဖူးတဲ့ အသက် ၄၅ နှစ်အရွယ် နည်းပြဟာ ၂၀၀၇ မှာတော့ မန်ချက်စတာကနေ ရီးရဲလ်မက်ဒရစ်ထံ ပေါင် ၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
ဒီလထဲ ယှဉ်ပြိုင်ကစားတဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ လူငယ်အဆင့်ပွဲမှာ အာတီတာနဲ့အတူ ဟိန့်ဇီ တက်ရောက်ပြီး ဘောလုံးပွဲ အတူကြည့်ခဲ့တဲ့ ပုံရိပ်လည်း ထွက်ပေါ်လာဖူးပါတယ်။
ဟိန့်ဇီဟာ ဒီရာသီမှာ အာဆင်နယ်ထံ တိုက်ရိုက် ဝင်ရောက်လာတာမျိုးထက် နွေရာသီကြိုမှ အတူ ပူးပေါင်းမယ်လို့ နားလည်ရပြီး အာဆင်နယ် စီနီယာအသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦး ဖြစ်လာဖွယ် ရှိနေပါတယ်။