နွေဈေးကွက်မှာ အလုပ်များမယ့် မန်ချက်စတာ ယူနိုက်တက်၊ ဘယ်နေရာကို အဓိက အားဖြည့်မလဲ သတင်းထောက် ရိုမန်နို ဖော်ထုတ်

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေဈေးကွက်မှာ ခံစစ်ကို အင်အားဖြည့်ဖို့ အလုပ်တွေ ရှုပ်ဦးမယ် လို့ အပြောင်းအရွှေ့ ဂုရု သတင်းထောက် ဖာဘရီဇီယို ရိုမန်နို က ဖော်ထုတ်လိုက်ပါတယ်။

ယူနိုက်တက်ဟာ နွေမှာ ဗဟိုခံစစ်မှုး တစ်ဦး တော့ အနည်းဆုံး သေချာပေါက် ခေါ်မှာ ဖြစ်ပြီး ဖြစ်နိုင်ရင် ၂ ယောက်ပါ ခေါ်ယူဖို့ ရှိနေပါတယ်။ ဗာရန်းကလည်း နွေမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာပါ။

လက်ရှိ အချိန်ထိတော့ ယူနိုက်တက်ဟာ ပြင်သစ်သား နောက်ခံလူ အတွက် စာချုပ်သစ် ကမ်းလှမ်းမှု မရှိသေးပါဘူး။ ဒါကြောင့် ဗာရန်းက ဇွန်မှာ အသင်းကနေ ထွက်ခွာဖို့ များနေပါပြီ။

ယူနိုက်တက်ဟာ အသင်းအတွက် အံဝင်ကိုက်ညီနိုင်မယ့် ကစားသမားတွေ ကင်းထောက် ရှာဖွေနေပြီး အများစုကတော့ ငယ်ရွယ်တဲ့ ဗဟို ခံစစ်မှုးတွေချည်း ဖြစ်ပါတယ်။

ဘရတ်ဝိတ်၊ တိုဒီဘို၊ ဘရီမာ၊ ဘင်ဖီကာမှ အန်တိုနီယို ဆေးလ်ဗားတို့ကို ယူနိုက်တက်က ကင်းထောက် စောင့်ကြည့်ထားပါတယ်။ ဒါပေမယ့် ဒီ ကစားသမားတွေထဲက ဘယ်သူကမှ ဈေးပေါပေါနဲ့ ရဖို့ မလွယ်သလို နှစ်ယောက် တခါတည်း ခေါ်ဖို့လည်း မလွယ်ကူကြောင်း ယူနိုက်တက်က သဘောပေါက်ထားပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ တစ်ရာသီလုံး နီးပါး မာတီနက်ဇ် နာနေတဲ့ အပြင် ဗဟိုခံစစ်သမားတွေချည်း အပြိုင်အဆိုင် ဒဏ်ရာ ရနေတာကြောင့် အတော် ထိချက် နာနေပါတယ်။

သတင်းထောက် ရိုမန်နို ကတော့ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှုး တစ်ဦး သို့မဟုတ် နှစ်ဦး နွေမှာ ခေါ်ယူမယ်လို့ အခိုင်အမာ ဆိုထားပါတယ်။