ရီးရဲလ်ကို ရှုံးပြီး ဖလား ၃ လုံး အိပ်မက် ပျက်ပြယ်သွားပြီးနောက် ပက် ဂွာဒီယိုလာ နောင်တ ရနေသလား၊ ပွဲပြီး ပြောစကား

မန်စီးတီးအသင်းကတော့ မနေ့ညက အီတီဟက်မှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။

စီးတီးတို့ရဲ့ ဖလား ၃ လုံး ထပ်ယူမယ့် မျှော်လင့်ချက်ကို ရီးရဲလ်က ဖျက်ဆီး ပစ်ခဲ့ပြီး အိမ်ရှင်အသင်းကို အသည်းခွဲခဲ့ပါတယ်။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက သူ့အသင်းဟာ လုံလောက်တဲ့ အညှာအတာကင်း ထက်မြက်မှု မျိုး မရှိခဲ့တာကို ဝန်ခံခဲ့ပြီး ပွဲအတွက် နောင်တရနေတာမျိုး မရှိကြောင်း ပွဲအပြီးမှာ အခုလို ပြောဆိုခဲ့ပါတယ်။

” ကျွန်တော်ကတော့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး နောင်တ ရတာ မရှိပါဘူး။ ပြောရရင် ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အချက်အလက်တွေ အရ ကြည့်ရင် နိုင်တောင် နိုင်ခဲ့သင့်တာပါ။ ဒါပေမယ့် ဒီလို ဖြစ်မလာတာကိုက ဘောလုံးမှာ ဆန်းကြယ်လွန်းတဲ့ ဆွဲဆောင်မှု တစ်ခုပါပဲ။

Johan Cruyff (ဒတ်ချ် နည်းပြဟောင်းနဲ့ ကစားသမားဟောင်းကြီး) က ပြောဖူးတယ်။ ဘောလုံးမှာ ကံကောင်းတယ် ဆိုတာ မရှိဘူးတဲ့။ ကျွန်တော် သူပြောတာကို ထောက်ခံပါတယ်။ ကျွန်တော်တို့ ဒီည ဂိုး မသွင်းနိုင်ခဲ့လို့ ရှုံးတာလေ။ ဒါက နာကျင်ရတယ်၊ ဒါပေမယ့် တဖက်မှာလည်း ဒါဟာ လှပတဲ့ ရှုံးနိမ့်ခြင်း တစ်ခုပေါ့။

ဒီညအတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ ကိုယ့်ဘာသာ ပြန် ထူမတ်ဖို့ လိုပါတယ်။ ” လို့ ပက် ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စီးတီးဟာ ဒီပွဲရှုံးပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် လာမယ့် စနေနေ့မှာ နောက်ထပ် ဖလားတစ်လုံး အခွင့် အရေး အဖြစ် ချယ်ဆီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင် ကစားရဦးမှာ ဖြစ်ပါတယ်။