Transfer: မဟာပြိုင်ဘက် အသင်းကြီးတွေ ချိန်နေတဲ့ တိုက်စစ်သမားကို ဝင်လုခေါ်ဖို့ အာဆင်နယ် စီစဉ်နေ

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ ချိန်ရွယ်နေတဲ့ ပစ်မှတ် ကစားသမားကို ကြားဖြတ်ခေါ်ယူဖို့ စီစဉ်နေကြောင်း The Evening Standard သတင်းဌာနက ဖော်ပြလာပါတယ်။

ယူနိုက်တက်၊ ချယ်ဆီးတို့ဟာ လာမယ့်ရာသီ တိုက်စစ်ပိုင်းကို ဦးစားပေးအဖြစ် အင်အားဖြည့်လိုနေတာပါ။ ဒီရာသီ ဂျာမာန်ကလပ် လိုက်ဇစ်အတွက် ၃၇ ပွဲကစားပြီး ၁၃ ဂိုးသွင်းထားတဲ့ တိုက်စစ်မှူး ဆက်ကိုဟာ ထိုနှစ်သင်းလုံးရဲ့ ပစ်မှတ် စာရင်းထဲ ပါဝင်နေပါတယ်။

အသက် ၂၀ အရွယ်ပဲ ရှိသေးပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်နေတဲ့ ဆက်ကို ကို ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်း ထိ ပေးချေရမှာ ဖြစ်ပါတယ်။

အာဆင်နယ်ကလည်း တိုက်စစ်မှူး ရှာဖွေနေတာကြောင့် အင်္ဂလန်ပြိုင်ဘက်တွေကို ကျော်ပြီး ဆက်ကို ကို ခေါ်ယူနိုင်ရေး ရှေ့တိုးလာမယ့် သဘောထားတွေ ပြသလာနေတာဖြစ်ပါတယ်။

စလိုဗေးနီးယား လက်ရွေးစင်ဟာ ဂျေးဆုနဲ့ အန်ကတ်တီးရားတို့ ရှိနေတဲ့ အာဆင်နယ်တိုက်စစ်ကို အဆင့်မြှင့်မှုဖြစ်စေမယ်လို့ အာတီတာတို့က ယုံကြည်လာနေတယ်။ အာဆင်နယ်ဟာ အခြားသော ပစ်မှတ်တွေအဖြစ် တိုနေး၊ ခရိုကီယက်စ်၊ ဖာဂူဆန်နဲ့ အိုဆင်ဟမ်တို့ကိုလည်း ချိန်ရွယ်ထားပါတယ်။

ဥရောပကလပ် အများအပြားက ဆက်ကို ကို အလိုရှိနေတာကြောင့် လာမယ့်ရာသီ သူ့နေရာ အစားထိုးရေးအတွက် လိုက်ဇစ်ဘက်ကလည်း တိုက်စစ်သမားသစ် ရှာဖွေနေကြောင်း သိရပါတယ်။