ကိုဗန်ထရီရဲ့ အနိုင်ဂိုးကို လူကျွံဖြင့် ပယ်ဖျက်ခြင်းအပေါ် သံသယ ဝင်သူတွေ ထွက်ပေါ်

မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီးမီးဖိုင်နယ် ပြိုင်ဘက် ကိုဗန်ထရီကို ဝင်ဘာလေမှာ ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ဖိုင်နယ် တက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ဒရာမာဆန်ဆန် ဖြစ်ရပ်တွေလည်း ရှိခဲ့ကာ ယူနိုက်တက်ဟာ ပွဲကို ၃-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး မိနစ် ၂၀ အတွင်း ခြေပဂိုး ၃ ဂိုး ပြန်ပေးခဲ့ရကာ ပွဲချိန် မိနစ် ၉၀ အပြီးမှာ ၃-၃ သရေကျခဲ့ပါတယ်။

၁၅ မိနစ် ၂ ပိုင်း ဆက်ကစားလို့ နောက်ဆုံး မိနစ်မှာတော့ ကိုဗန်ထရီဘက်က အနိုင်ဂိုး သွင်းယူခဲ့ပေမယ့် ဘောလုံးလက်ခံချိန် လူကျွံနေတယ်လို့ VAR က ပယ်ဖျက်ခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ကာဆီမီရို လွဲချော်ပေမယ့် ကိုဗန်ထရီကလည်း ၂ ကြိမ် လွဲခဲ့တာကြောင့် ဖိုင်နယ်ကို မန်ချက်စတာ ယူနိုက်တက်တို့ တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

သတင်းထောက် Ben Jacobs က ” သမိုင်းဝင်ဖြစ်ရပ် ဖြစ်စေမယ့် အံ့မခန်း သွင်းဂိုးဟာ VAR ရဲ့ ရပ်တန့်ခြင်း ခံခဲ့ရပါတယ်။ လူကျွံနေတာကတော့ မှန်ပါတယ်။ ဒါပေမယ့်ဗျာ ဘယ်လောက်ကောင်းတဲ့ အခိုက်အတန့်ဖြစ်ခဲ့တာလဲ ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဒီပွဲအပြီးမှာ နာမည်ကျော် ဗြိတိန်သတင်းထောက် Duncan Castles အပါအဝင် အစီအစဉ် တင်ဆက်သူတွေက ကိုဗန်ထရီရဲ့ အနိုင်ဂိုးကို VAR နဲ့ ပယ်ဖျက်ခဲ့ခြင်းအပေါ် များစွာ ဝေဖန်ခဲ့ကြသလို ဒီမျဉ်းကြောင်း သေးသေးလေးဟာ ယုံကြည်ရရဲ့လားလို့ပါ မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။