လီဗာပူးအသင်းဟာ ညက မာဆေးဆိုဒ် ဒါဘီပွဲမှာ အဲဗာတန်ကို ၂-ဝ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ် ဖလား မျှော်လင့်ချက် အတွက် တိုက်ပွဲ ဝင်နေချိန်မှာ မြို့ခံပြိုင်ဘက်ရဲ့ ခုလို ထိုးနှက်ခြင်း ခံရတာက လီဗာပူး အတွက် ပို အထိနာစရာ ဖြစ်ခဲ့ရပါတယ်။
လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ကတော့ ဒီပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်တာနဲ့ တိုက်စစ်က ဖြုန်းတီးမှုတွေ ဟာ သူ့ရဲ့ အခြား တိုက်စစ်သမား နှစ်ယောက် မပါနိုင်လို့ အားနည်းသွားရတာ ဖြစ်ကြောင်း ဆင်ခြေပေးခဲ့ပါတယ်။
” ဖူလ်ဟမ်နဲ့ ပွဲပြီးတဲ့နောက် အသင်းမှာ ကိစ္စလေးတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ တိုက်စစ်မှုးထဲက တစ်ယောက်က (ဂျိုတာ) ဒဏ်ရာ ရသွားတယ်။ နောက်တစ်ယောက်ကတော့ ကလေး အဖေ ဖြစ်တော့မှာ။ ဒီတော့ ဒီနှစ်ယောက်က လုံးဝ ထည့်သုံးလို့ မရဘူး။
ကျွန်တော်တို့ ဂိုးအခွင့်အရေး ကောင်းတွေ ရခဲ့ပေမယ့် ဂိုးပေါက်လွဲသွားတာတို့ ပစ်ဖို့ဒ်ဆီ တည့်တည့်ကန်ဖြစ်သွားတာ တို့တွေ ရှိပါတယ်။ ကြိုးတော့ ကြိုးစားခဲ့ကြတယ်။ လုံလောက် ကောင်းမွန်တဲ့ အထိ မရောက်ခဲ့ဘူးပေါ့။
နိုင်သွားရင်သာ ဘာကြောင့် ညာကြောင့် ဆိုတဲ့ အကြောင်းပြစရာတွေ အချက် ၅ဝဝ လောက် ရှိနေတာ၊ ရှုံးသွားရင်က တစ်ချက်ပါပဲ။ နိုင်အောင်ထိ လုံလောက် ကောင်းမွန်မှု မရှိလို့ပေါ့.. ဒါပါပဲ။ ” လို့ ကလော့ပ်က ပွဲပြီးမှာ ပြောဆိုခဲ့ပါတယ်။
လီဗာပူးအသင်းမှာ လောလောဆယ် ဂိုး အဆုံးသတ် အသေချာဆုံး တိုက်စစ်မှုး ဖြစ်နေတဲ့ ဂျိုတာကလည်း ဖူလ်ဟမ်နဲ့ ပွဲမှာ ပြန်နာသွားပြီး နှစ်ပတ်လောက် နားရမှာ ဖြစ်သလို ဂတ်ပိုကလည်း ဇနီး ဖြစ်သူ မီးဖွားနေတာကြောင့် ကလေး အဖေ အဖြစ် စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။