မနှစ်ကနွေ အပြောင်းအရွှေ့မှာ ကိုင်ဆီဒို၊ ဂျက်ဆန်၊ အန်ကွန်ကူတို့ကို ခေါ်ယူကာ အသုံးစရိတ်ကြီး ထုတ်ခဲ့တဲ့ ချယ်ဆီးအသင်းဟာ ဒီနွေမှာလည်း လူသစ်တွေကို ခေါ်ယူဖို့ ကြိုးစားဦးမှာ ဖြစ်ပါတယ်။
စိတ်ပျက်စရာ ဘောလုံးရာသီကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ လွဲချော်ခဲ့သလို ဥရောပဝင်ခွင့် မသေချာသေးတာကြောင့် ချယ်ဆီးဟာ လူသစ်တွေ ခေါ်နိုင်ရေးအတွက် လက်ရှိ လူစာရင်းထဲက ကစားသမားအချို့ကိုတော့ ရောင်းချရဖွယ် ရှိပါတယ်။
နွေဈေးကွက်မှာ ချယ်ဆီးရဲ့ ဦးစားပေး ဖြစ်လာမှာက နာပိုလီမှ တိုက်စစ်မှုး အိုဆင်မန်ကို ခေါ်ယူရေး ဖြစ်ပါတယ်။ အီတလီ သတင်းထောက်ကြီး di Marzio ကတော့ ချယ်ဆီးဟာ တိုက်စစ်သမားအတွက် ယူရို သန်း ၈၀-၉၀ ကြား ပေးဖို့ ပြင်ဆင်ထားတယ် ဆိုပါတယ်။
အပြောင်းအရွှေ့အတွက် အချို့သော ညိနှိုင်းမှုတွေလည်း ရှိနိုင်သေးကာ အိုဆင်မန်ကိုရဖို့ လူကာကူနဲ့ လူငယ်ကြယ်ပွင့် တစ်ဦးကို အလိုက်ပေးမှုကိုပါ ထည့်သွင်းသွားနိုင်တယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ် အိုဆင်မန်ကို ခေါ်ယူနိုင်ဖို့ ချယ်ဆီးအပြင် အာဆင်နယ်၊ ယူနိုက်တက်၊ ပီအက်စ်ဂျီတို့ကလည်း သဘောကျမှု ရှိထားပါတယ်။
အိုဆင်မန်ဟာ ဒီရာသီမှာ သွင်းဂိုးရဖို့ အနည်းငယ် ရုန်းကန်နေရပေမယ့် ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ကိုယ်တိုင် ၁၆ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်ထားနိုင်သေးတာ ဖြစ်ပါတယ်။