ရီးရဲလ်မက်ဒရစ် ကို ဒိုင်ကူတယ် ပြောလို့ အထိမခံဘဲ ပြန်ထောက်ပြတုန့်ပြန်လိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် ၂-၁ ဘိုင်ယန်မြူးနစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲက ပွဲပြီးခဲ့ပေမယ့် ၂ သင်း နည်းပြတွေရဲ့ အပြန် အလှန် ဝေဖန်မှုတွေကတော့ ပြီးဆုံးသေးခြင်း မရှိသေးပါဘူး။

ဘိုင်ယန်ကစားသမား ဒီလစ်က သူ့ရဲ့ ဂိုးကို ခွင့်မပြုခဲ့တဲ့ ဒိုင်တွေကို စိတ်ပျက်နေပြီး ရီးရဲလ်မက်ဒရစ် ဖိုင်နယ်တက်နိုင်အောင် ဒိုင်ကူတယ်လို့ ဝေဖန်ခဲ့တယ်။

အဆိုပါ ကိစ္စအတွက် ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီကလည်း အပြောမခံဘဲ အခုလို တုန့်ပြန်လာခဲ့ပါတယ်။

အန်ဆယ်လော့တီက “ လူကျွံဘောကတော့ ပြောရမှာ ရှင်းပါတယ်ကွာ။ လူကျွံတာ ဟုတ်ချင်မှလည်း ဟုတ်မယ်ပေါ့။ ဒါပေမယ့် ဒိုင်လူကြီးက ဂိုးမသွင်းခင်တည်းက ဝီစီမှုတ်လို့ ငါတို့ ကစားတာ ရပ်လိုက်တာလေ။ ဒါပါပဲ။

လူကျွံတာကို ဘိုင်ယန်ဘက်က စောဒက တက်နေတာလား? အိုကေလေ ငါတို့လည်း နာချို ဂိုး ပယ်ဖျက်ခံရတာကို ကွန်ပလိန်း တက်မယ်ကွာ။ ကင်မစ်က သူ့ဘာသာ ဒိုင်ဗင်ပစ်လဲချခဲ့တာလေ ” လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

ပွဲချိန် ၇၀ မိနစ်မှာ ရီးရဲလ်မက်ဒရစ်က ဂိုးသွင်းခဲ့ပေမယ့် နာချိုက ကင်မစ်ကို တွန်းတိုက်ကာ ဖောင်းလုပ်ခဲ့တယ်ဆိုပြီး VAR က ဂိုးပေးခဲ့ခြင်း မရှိတာပါ။

ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီကတော့ အဆိုပါဂိုးက ပေးရမယ့်ဂိုးလို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။