နွေ ဈေးကွက်ဖွင့်တာနဲ့ တန်း ခေါ်ဖို့ တိုက်စစ်မှုး နှစ်ဦးကို ချယ်ဆီးအသင်း ချိန်ရွယ် ချိတ်ဆက်နေပါပြီ

ချယ်ဆီး အသင်းဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူဖို့ အလေးအနက် ကြိုးစားသွားတော့မှာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ဂုရု သတင်းေ်ထာက် ရိုမန်နိုကတော့ ချယ်ဆီးအသင်း တာဝန်ရှိသူတွေဟာ စီးရီးအေကလပ် နာပိုလီအသင်း တိုက်စစ်မှူး အိုဆင်မန်ရဲ့ အေးဂျင့်တွေနဲ့ စကားပြောမှု ပြုလုပ်နေပြီလို့ ဖော်ပြပါတယ်။

ချယ်ဆီးဟာ အသက် ၂၅ နှစ်အရွယ် နိုင်ဂျီးရီးယား တိုက်စစ်သမားအတွက် ယူရို သန်း ၈၀-၉၀ ကြား ပေးဖို့ ပြင်ဆင် ထားတာဖြစ်ပါတယ်။

အိုဆင်မန်တင် မဟုတ်ဘဲ လိုက်ဇစ်အသင်းမှ တိုက်စစ်မှူး ဆက်ကိုအား ခေါ်ယူဖို့ကိုလည်း ချယ်ဆီးဘက်က ချိန်ရွယ်ထားကာ ကစားသမားရဲ့ အေးဂျင့်နဲ့လည်း ဆက်သွယ်မှု ရှိနေပါတယ်။

အခုချိန်ထိတော့ နံပါတ် ၉ နေရာကို အားဖြည့်လိုနေကြောင်းနဲ့ အေးဂျင့်တွေဖြင့် ဆက်သွယ်နေတယ် ဆိုတာကလွဲလို့ အိုဆင်မန်၊ ဆက်ကိုတို့ထဲက ဘယ်သူ့ကို ဦးစားပေးမယ် မသိရသေးပါဘူး။

ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ FFP ကို ရှောင်လွဲနိုင်ဖို့ ကစားသမား ရောင်းချမှုကနေ အသုံးစရိတ် ပြန်ရှာဖို့ လိုအပ်တာကိုလည်း ချယ်ဆီးဘက်က နားလည်ထားပါတယ်။ တိုက်စစ်မှူးသစ်ရဖို့ ချယ်ဆီးဘက်က လူကာကူနဲ့ လူငယ်ကြယ်ပွင့် အချို့ကို အရောင်းစာရင်း တင်သွားရမှာ ဖြစ်ပါတယ်။