မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ နယူးကာဆယ် အသင်းကို ဧည့်ခံ ကစားရာ ဒဏ်ရာ ပြသနာတွေကြားကနေ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပြီး ၃-၂ နဲ့ နိုင်ပွဲကောင်း ရခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကတော့ ဒီပွဲက အသင်းလိုက် စွမ်းဆောင်ရည်ကို နှစ်ထောင်း အားရ ဖြစ်နေပြီး ပွဲပြီးအင်တာဗျူးမှာလေး ကျေနပ်စကားတွေ ဆိုခဲ့ပါတယ်။
နယူးကာဆယ်ဘက် သွင်းခဲ့တဲ့ ယူနိုက်တက် ရဲ့ ၃ ဂိုးလုံးရဲ့ ကွာလတီနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်ခံခဲ့ရရာ တန်ဟက်က အခုလို တုန့်ပြန်ခဲ့ပါတယ်။
” ဂိုးတွေက သိပ်လန်းတာပေါ့။ တကယ့် ဂိုးကောင်းတွေပါ။ ဒါပေမယ့် ဒီလို သွင်းဂိုးတွေ ရတာက အသင်းလိုက် အားထုတ်မှုပါပဲ။ ကျွန်တော်ကတော့ လူငယ် ကစားသမားတွေ တိုးတက်မှုကောင်း ပြနေပြီး ဒီလို သွင်းဂိုးတွေ မြင်ရတာ ပျော်တာပေါ့ဗျာ။
နယူးကာဆယ်က ကာယ ကြံ့ခိုင်မှုပိုင်း သိပ်ကောင်းတဲ့ အသင်းပါ။ ကျွန်တော်တို့က ဒါကို ယှဉ်ရတယ်၊ ဘောလုံးလည်း ကစားရတယ်။ ဒီထဲမှာ ကောင်းမွန်တဲ့ ဟန်ချက်ညီမှုကို ရခဲ့တာပါ။
ဘယ်ပွဲမဆို နိုင်ရင်တော့ ဖီလင်က ကောင်းတာပေါ့။ ဒီရာသီ အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့ နောက်ဆုံးပွဲမှာ နိုင်ဖို့က အရေးလည်း ကြီးတယ်လေ။ ပရိသတ်တွေလည်း ဒီနိုင်ပွဲကို မြင်တွေ့ရသင့်တယ်။ သူတို့မှာလည်း ခက်ခဲတဲ့ ကာလတွေထဲမှာ အသင်းနဲ့ အတူ ရှိနေခဲ့တာ။ အခုလည်း ဒီမှာ အတူတကွပဲ။ ပရိသတ်တွေကို ကျွန်တော်တို့လည်း ပြန်ပေးနိုင်ချင်ပါတယ်။ ” လို့ တန်ဟက် က ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ နယူးကာဆယ်နဲ့ ပွဲ မတိုင်ခင်က ၃ ပွဲ ဆက်တိုက် အရေးနိမ့်ထားခဲ့ပြီး ဒီပွဲ ပြန်ဆယ်နိုင်ခဲ့ပေမယ့် တဖက်မှာ ချယ်ဆီးကလည်း နိုင်ပွဲ ရသွားတာကြောင့် ယူရိုပါဝင်ခွင့်ကတော့ အလှမ်းဝေးနေဆဲပါ။