မနေ့က ဝင်ဘာလေမှာ မန်စီးတီးကို အနိုင်ယူပြီး ယူနိုက်တက်တို့ အက်ဖ်အေဖလား ချန်ပီယံဖြစ်ပြီးပြီးချင်းမှာပဲ အာဆင်နယ်အသင်းဘက်က လူမှုကွန်ယက်မှာ ပို့စ်တင်ခဲ့ခြင်းဟာ ဝေဖန်ခံနေရတဲ့ ကိစ္စ ဖြစ်လာခဲ့ပါတယ်။
၂ ရာသီအတွင်း အက်ဖ်အေဖလား ဖိုင်နယ်ကို ၂ ကြိမ်ဆက်တိုက် ယူနိုက်တက်တို့ တက်ရောက်နိုင်ခဲ့ကာ ချန်ပီယံ ၁ ကြိမ်ဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ နည်းပြ တန်ဟက် လက်ထက် ၂ ရာသီအတွင်း ဖလား ၂ လုံး အောင်မြင်ထားပါပြီ။
ယူနိုက်တက်ဟာ အက်ဖ်အေဖလားကို ၁၃ ကြိမ်မြောက် အောင်မြင်ခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းဖြစ်ထားတဲ့ အာဆင်နယ်ကို လိုက်မှီဖို့ ၁ ကြိမ်ပဲ လိုတော့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်း နောက်ဆုံးဖလားရခဲ့တာက လွန်ခဲ့တဲ့ ၄ နှစ်တုန်းက အက်ဖ်အေဖလား ပြိုင်ပွဲပဲဖြစ်ကာ အဲ့နောက်ပိုင်း ဆုဖလား အောင်မြင်ခြင်း မရှိတော့သလို ဒီရာသီမှာလည်း ဖလားလက်မဲ့ ဘောလုံးရာသီကို ဖြတ်သန်းထားရတာ ဖြစ်ပါတယ်။
ဖိုင်နယ်ရလဒ် ထွက်လာအပြီး ချက်ခြင်း အာဆင်နယ်က ” ငါတို့အသင်းက အက်ဖ်အေဖလားမှာ အမွေအနှစ်ကောင်းတွေ ရှိထားတဲ့အသင်းပါ။ အခြား ဘယ်အသင်းကမှ ငါတို့ရဲ့ စံချိန်တင် အောင်မြင်မှု ၁၄ ကြိမ်ကို လိုက်မှီထားခြင်း မရှိပါဘူး ” လို့ စာတင်ခဲ့တာဖြစ်ပါတယ်။
ဘောလုံးပရိသတ်တွေကတော့ အခြားကလပ်က ချန်ပီယံဖြစ်ပြီးပြီးချင်း ဒီလို အကြောင်းအရာကို ပို့စ်တင်လိုက်တာဟာ လေးစားမှု မရှိတာဖြစ်ပြီး အာဆင်နယ်အသင်းဟာ စိတ်ဓါတ်ပိုင်း အားနည်းလွန်းတယ်၊ သေးသိမ်တယ် လို့ ဝေဖန်နေကြတယ်။
အာဆင်နယ်ရဲ့ လူမှုကွန်ယက်က ပိုစ့်ဟာ အတော်လေး မှတ်ချက်တွေများနေပြီး ခပ်လှောင်လှောင် ပရိသတ်တွေကဆိုရင် ၁၄ ကြိမ်မြောက် အက်ဖ်အေဖလား အောင်မြင်သွားတာအတွက် အာဆင်နယ်ကို ဂုဏ်ပြုပါတယ်လို့ အတည်ပေါက်ကြီး ချီးကျူးနေကြတာ ဖြစ်ပါတယ်။