အရွယ်ကောင်း အင်္ဂလန် ခံစစ်မှုးကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရထားပြီ ဖြစ်တဲ့ ချယ်ဆီးအသင်း

ချယ်ဆီးအသင်းဟာ နည်းပြသစ်ဖြင့် စတင်သွားမယ့် ရာသီသစ်အတွက် ကစားသမား ခေါ်ယူမှုတွေ လုပ်ဖို့ လှုပ်ရှားမှုတွေ စတင်နေကာ လူသစ် တစ်ဦးကို ခေါ်ယူနိုင်တော့မှာပါ။

အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုရဲ့ ဖော်ပြချက်အရ ချယ်ဆီးအသင်းဟာ ဖူလ်ဟမ် ခံစစ်မှူး တိုဆင် အဒါရာဘီအိုယို အား အလွတ်ဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ကစားသမားနဲ့ နှုတ်အားဖြင့်လည်း သဘောတူညီမှုရခဲ့ပြီ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းကလည်း အသက် ၂၆ နှစ်အရွယ် အင်္ဂလန်သား အဒါရာဘီအိုယို ကို ခေါ်နိုင်ဖို့ ကြိုးစားနေပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ ချယ်ဆီးအသင်းထံ ပြောင်းဖို့ပဲ အားသန်နေတာပါ။

ဒီခေါ်ယူမှု ပြီးမြောက်ခဲ့မယ်ဆိုရင် နည်းပြသစ် မာရက်စကာအတွက် ချယ်ဆီးရဲ့ ပထမဆုံး ခေါ်ယူပေးမှု ဖြစ်လာပါမယ်။ ဒါ့အပြင် အလွတ်ဖြင့် ထွက်ခွာသွားတဲ့ သီယေဂို ဆေးဗားနေရာ တိုက်ရိုက် အစားထိုးနိုင်မှုလည်း ဖြစ်လာတော့မှာပါ။

အီတလီသား နည်းပြ မာရက်စကာနဲ့ သူ့ရဲ့နည်းပြအဖွဲ့တွေဟာ ချယ်ဆီးအသင်းနဲ့ သဘောတူညီမှု အားလုံးရထားကာ စာရွက်စာတမ်း ကိစ္စတွေကို အပြီးသတ်နေပါပြီ။ မကြာခင်မှာ ချယ်ဆီးဘက်က နည်းပြသစ်ကို တရားဝင် မိတ်ဆက်ပေးလာဖို့ ရှိနေတာ ဖြစ်ပါတယ်။