ယူအီးအက်ဖ်အေ ကတော့ စည်းမျဉ်းငြိနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ကို ၎င်းတို့ရဲ့ Sisters Club တွေနဲ့အတူ သက်ဆိုင်ရာ ဥရောပပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ခွင့်ပေးဖို့ စီစဉ်နေပါတယ်။
ယူအီးအက်ဖ်အေ ရဲ့ ကလပ်ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်ရေး ဘုတ်အဖွဲ့ဟာ တနင်္လာနေ့မှာပဲ multi-club တွေနဲ့ပတ်သက်လို့ သေချာတဲ့ ဥပဒေတွေကို ကြေညာလာဖို့ ရှိပါတယ်။
လက်ရှိ ယူအီးအက်ဖ်အေ စည်းမျဉ်းအရ ဥရောပပြိုင်ပွဲတစ်ခုအတွင်း တူညီတဲ့ ပိုင်ရှင်လက်အောက်မှာ ရှိတဲ့ ကလပ်တွေထဲက ၁ သင်းထက်ပိုပြီး ပြိုင်ခွင့်မရှိဘူးဆိုတဲ့ အချက် ပါဝင်ထားတာပါ။
ဆာဂျင်ရက်ကလစ်ဟာ အင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်အပြင် ပြင်သစ်ကလပ် Nice အသင်းကိုလည်း ရှယ်ယာတွေ ပိုင်ဆိုင်ထားပါတယ်။ နှစ်သင်းလုံးက နောက်ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲထံ ပါဝင်ခွင့်ရထားတာပါ။
စီးတီးဘောလုံးအဖွဲ့ လက်အောက်က Sisters Club အသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ ဂျီရိုနာတို့ကလည်း နောက်ရာသီ ချန်ပီယံလိဂ်မှာ တူညီစွာ ပါဝင်ခွင့်ရထားကြတာပါ။
ယူအီးအက်ဖ်အေဘက်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ အစဉ်အလာကို ချိုးဖောက်ပြီး မန်ချက်စတာ ကလပ်တွေကို တူညီတဲ့ ပြိုင်ပွဲမှာ ပါဝင်ခွင့်ပေးမှာ ဖြစ်ပေမယ့် ဒီလို လိုက်လျောမှုမျိုး ထပ်မံ ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။