ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေတဲ့ ဥရောပ ထိပ်သီး နှစ်သင်း

ဘွန်ဒစ်လီဂါ ထိပ်သီး ကလပ် ဘိုင်ယန်မြူးနစ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကို ခေါ်ယူလိုတာကြောင့် ကစားသမားရဲ့ အေးဂျင့်နဲ့ ချိတ်ဆက် စကားပြောမှု လုပ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် နည်းပြသစ်ဖြစ်လာတဲ့ ကွန်ပနီဟာ မနှစ်ကရာသီ မအောင်မြင်ခဲ့တဲ့ လူစာရင်းကို အင်အားဖြည့်မှုတွေ လုပ်လိုနေတယ်။ မနှစ်က စပါးကနေ ပြောင်းလာပြီး ခြေစွမ်းပြနေတဲ့ ဟယ်ရီကိန်းကို ကူညီနိုင်မယ့်သူ တစ်ဦးကို ခေါ်ယူရေးဟာ သူ့ရဲ့ ဦးစားပေး ဖြစ်ပါတယ်။

ဘိုင်ယန်ဘက်ကတော့ ဖာနန်ဒက်စ်ကို သဘောကျနေတာကြောင့် ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ့ Miguel Pinho ထံ စတင် ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။

နည်းပြတန်ဟက် ထွက်ခွာဖွယ် ရှိနေဆဲ အခြေအနေနဲ့အတူ ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက် အနာဂတ်ကလည်း အခုချိန်ထိ မသေချာသေးပါဘူး။ သူ့ကို ခေါ်ယူဖို့ လာလီဂါကလပ် ဘာစီလိုနာ အသင်းကလည်း စိတ်ဝင်စားလာနေတယ်လို့ သိရတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၆ ခုနှစ်ထိပဲ စာချုပ်ရှိပေမယ့် မန်ချက်စတာ ကလပ်က အလိုရှိရင် ၁၂ လ ထပ်မံ သက်တမ်းတိုးခွင့် ရှိထားပါတယ်။ အသက် ၂၉ နှစ်အရွယ် အသင်းခေါင်းဆောင်းဟာ စာချုပ်သစ်ရနိုင်တဲ့ အခြေအနေကို မကြားထားရပါဘူး။

ယူနိုက်တက်ဟာ ဒီနွေအတွက် အသုံးစရိတ် ပေါင် ၃၅ သန်းပဲ ရှိပြီး ကစားသမား ရောင်းချမှုက ရလာတဲ့ ငွေကြေးတွေကို အပြောင်းအရွှေ့မှာ ပြန်သုံးဖို့လည်း ရည်ရွယ်ထားပါတယ်။

နွေမှာ အင်အားဖြည့်မယ်ဆိုရင် ၂၅ နှစ်အောက်တွေပဲ ခေါ်ဖို့နဲ့ နာမည်ကြီးတွေ မခေါ်ဖို့ စီစဉ်ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ရေရှည်မှာ အသက်အရွယ် ရလာတဲ့ ဖာနန်ဒက်စ်ကို ဆက်ထိန်းသွားမယ် မသေချာတော့ပါဘူး။