စီးတီး ကြယ်ပွင့် တိုက်စစ်မှုးကို ချယ်ဆီးက သန်း ၈ဝ နဲ့ ခေါ်ယူနိုင်ဖွယ်ရှိကြောင်း ရိုမန်နို ဖော်ထုတ်

အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နို ကတော့ မန်စီးတီး ကြယ်ပွင့် တိုက်စစ်မှုး ဂျူလီယန် အဲဗာရက်စ် ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အတော် များများ ခေါ်ယူချင်နေကြပြီး ချယ်ဆီး အသင်းလည်း ပါဝင်နေတယ် လို့ ဖော်ထုတ်လာပါတယ်။

အဲဗာရက်စ် ဟာ မန်စီးတီးမှာ ဟာလန်းနောက် အရန် တိုက်စစ်မှုး အဖြစ်သာ ရှိပေမယ့် အခွင့်အရေး ရတိုင်း ဂိုးသွင်းကာ အစွမ်းတွေ ထုတ်ပြနိုင်သူပါ။ အာဂျင်တိုင်းသား ဟာ ပုံမှန် ပွဲ ကစားခွင့် ရလိုကြောင်း သူနဲ့ နီးစပ်သူတွေကို ပြောဆိုထားပြီး စီးတီးကနေ ထွက်ခွာဖွယ်လည်း ရှိနိုင်ပါတယ်။

မန်စီးတီးအသင်းဘက်ကတော့ သူတို့ရဲ့ နံပါတ် ၂ တိုက်စစ်မှုးကို ရောင်းချဖို့ တွေးထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ကစားသမား ကိုယ်တိုင်က အသင်းပြောင်းခွင့် တောင်းဆိုလာရင်တော့ ယူရို သန်း ၈ဝ လောက် ကမ်းလှမ်းမှုကို လက်ခံစဉ်းစားဖွယ် ရှိတယ် လို့သိရပါတယ်။

အာဂျင်တိုင်း ထိပ်တန်း သတင်း Veronica Brunati ကတော့ အဲဗာရက်စ်ကို ခေါ်ယူနိုင်တဲ့ ဘဏ္ဍာရေး အင်အား တောင့်တင်းမှုက ပီအက်စ်ဂျီမှာပဲ ရှိတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ချယ်ဆီးကလည်း အလိုရှိရင် ငွေ မာျးများ ထုတ်သုံးတဲ့ အသင်း ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဈေးကွက်တွေမှာ လုပ်ပြခဲ့ပြီးပါပြီ။

ချယ်ဆီးအသင်းဟာ တိုက်စစ်မှုး နီကိုးလပ်စ် ဂျက်ဆန်ရဲ့ ဝန်တွေကို မျှယူပေးနိုင်မယ့် ဗဟို တိုက်စစ်မှုး တစ်ဦး လိုအပ်နေပြီး အိုဆင်မန်ကို ခေါ်ယူရေးက နှောင့်နှေးနေပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလား ချန်ပီယံ အဲဗာရက်စ် ကို ခေါ်ယူဖို့က ချယ်ဆီး အကြိုက် ဖြစ်နေဖွယ်ပါ။

အဲဗာရက်စ် ဟာ ချယ်ဆီးနည်းပြသစ် အန်ဇို မာရက်စ်ကာနဲ့လည်း စီးတီးမှာ အလုပ် အတူ လုပ်ဖူးတာကြောင့် နည်းပြသစ်ရဲ့ သဘောကျမှုလည်း ရရှိဖို့ ရှိနေပါတယ်။