သမိုင်း စံချိန်တင် လေးရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ထားတဲ့ မန်စီးတီး အသင်းဟာ လတ်တလောမှာ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှု ပြုလုပ်နေကာ အပြန်အလှန် တရားစွဲမှုကိစ္စတွေ ရှိနေပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ခုကို ဖောက်ဖျက်ခြင်းကြောင့် စွဲချက်တင်ခံထားရပြီး ကြီးမားတဲ့ အရေးယူခြင်း ခံရနိုင်ကာ ကြားနာမှုအား နိုဝင်ဘာမှာ ပြုလုပ်သွားဖို့ ရှိပါတယ်။
မန်စီးတီးဘက်ကလည်း ပိုင်ရှင်တွေရဲ့ ဆက်စပ် လုပ်ငန်းတွေနဲ့ ကလပ်အသင်းကြား စီးပွားရေးအရ ဆက်နွယ်မှုတွေကို ထိန်းချုပ်နေတဲ့ ပရီးမီးယားလိဂ်အား စည်းမျဉ်းတွေ ပြင်ဆင်ဖျက်သိမ်းအောင် ဥပဒေကြောင်းအရ ထိပ်တိုက် ရင်ဆိုင် တရားပြန်စွဲ ထားတာပါ။
ပရီးမီးယားလိဂ်နဲ့ မန်စီးတီးအသင်းကြား ဆက်ဆံရေးဟာ သမိုင်းမှာ အဆိုးရွားဆုံး အနေအထားကို ရောက်နေပြီလို့လည်း သိရပါတယ်။
တကယ်လို့ ပရီးမီးယားလိဂ်မှာ ဆက်လက် ပြိုင်ဆိုင်ခွင့်မရခဲ့ရင် အင်္ဂလန် အမှတ်ပေးလိဂ်ကနေ ထွက်ခွာကာ ဥရောပ စူပါလိဂ်ထံ ပူးပေါင်းသွားဖို့ မန်စီးတီးဘက်က ပြင်ဆင်ထားပါတယ်။
စူပါလိဂ်ဟာ မအောင်မြင်တဲ့ ပြိုင်ပွဲကြီးအဖြစ် ရှုမြင်ခံထားရကာ ဂျူဗင်တပ်ပါ ထွက်ခွာသွားတဲ့နောက် လက်ရှိမှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကို မန်စီးတီးရဲ့ တရားစွဲမှု အောင်မြင်ခဲ့မယ်ဆိုရင် လိဂ်ကို ဒီမိုကရေစီနည်းကျ အဖြစ် အနည်းဆုံး ၁၄ သင်း ဒါမှမဟုတ် ၃ ပုံ ၂ ပုံ သဘောတူ မဲပေးမှ စည်းမျဉ်းပြောင်းခွင့် ဆိုတဲ့ အချက်ဟာ ပျက်ပြယ်ရဖွယ် ရှိပါတယ်။