ဆာအဲလက်စ် ခေါ်စေချင်တဲ့ နည်းပြ၊ အသင်းရွေးတော့မယ့် ဆက်ကို၊ ဆန်ချို ရောင်းဈေး၊ ကင်မစ်၊ ပါလင်ညာနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ရီးရဲလ် ဆိုစီဒက်စ်အသင်းဟာ မန်စီးတီး ဘယ်အစွန်လူ ဆာဂျီရို ဂိုးမက်စ်ကို ခေါ်ယူဖို့ စကားပြောနေပြီဖြစ်ကာ အာဆင်နယ်ကနေ အငှားခေါ်ယူထားတဲ့ တီရာနေးကို လန်ဒန်အသင်းထံ ပြန်ပို့ဖို့ ဆုံးဖြတ်ထားပါပြီ။

ယူနိုက်တက်ရဲ့ ဘစ်ဆာကာ၊ တော်မီနေးတို့ နှစ်ဦးအတွက် တူရကီကလပ် ဂါလာတာစရေး အသင်းက ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။

လီဗာပူးအသင်းဟာ နယူးကာဆယ် တိုက်စစ်သမား မင်တက်ကို ပေါင် သန်း ၄ဝ ပေးပြီး ခေါ်ယူဖို့ စိတ်မဝင်စားဘူး လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြရာထူးအတွက် ဘရိုက်တန်နည်းပြ ဒီဇာဘီကို ဆက်သွယ်ထားခဲ့ပြီး ဂန္တဝင် နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန် ကတော့ ပိုချက်တီနိုအား ပိုမို ဦးစားပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ချယ်ဆီး၊ အာဆင်နယ်၊ ယူနိုက်တက်တို့နဲ့ သတင်းထွက်နေတဲ့ လိုက်ဇစ် တိုက်စစ်မှူး ဆက်ကိုဟာ မကြာခင် သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက် ချသွားဖို့ ရှိပါတယ်။

မန်စီးတီး၊ လီဗာပူးအသင်းတို့ စိတ်ဝင်စားမှု ပြသခဲ့ဖူးတဲ့ ကွင်းလယ်လူ ကင်မစ်အတွက် အပြောင်းအရွှေ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပေးဖို့ ဘိုင်ယန်မြူးနစ်ဘက်က ဆုံးဖြတ်လိုက်ပါတယ်။

ပဲလေစ့် ကစားသမား အိုလစ်ကို ခေါ်ယူရေးအတွက် ချယ်ဆီးဟာ ကစားသမားရဲ့ အေးဂျင့်နဲ့ စတင် ချိတ်ဆက်နေပြီလို့ သိရပါတယ်။ အိုလစ် ကို ယူနိုက်တက်ကလည်း ပစ်မှတ်ထားနေတာပါ။

ဒေါ့မွန်ကို အငှားချထားတဲ့ ဆန်ချိုကို ဒီနွေမှာ အပြီးသတ် ရောင်းထုတ်လိုက်ဖို့ ယူနိုက်တက်ဘက်က ဆန္ဒရှိနေကာ ပြောင်းရွှေ့ကြေး သန်း ၄၀ ဈေးသတ်မှတ်လိုက်ပါတယ်။

ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာဟာ ဒီနွေမှာ ယူရို သန်း ၄၀ ဝန်းကျင်ဖြင့် ဘိုင်ယန်မြူးနစ်ထံ ရောက်ရှိသွားတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူဟာ အသင်းဟောင်း ဘာစီလိုနာ ထံ ပြန်သွားဖို့ လုံးဝ မဖြစ်နိုင်ပါဘူးလို့ ယတိပြတ် ပြောဆို လာပါတယ်။

နယူးကာဆယ်အသင်းဟာ ဘန်လေအသင်း ဂိုးသမား ထရတ်ဖိုဒ့်ကို ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီ ဖြစ်ပါတယ်။