အင်္ဂလန် က ယူရို အုပ်စုအဖွင့်ပွဲ ဆားဘီးယားနဲ့ ပွဲမှာ ဘယ်လို လူစာရင်း ခင်းကျင်းလာမလဲ ဖော်ထုတ်လိုက်သူ

လာမယ့်အပတ် ဇွန် ၁၇ ရ၈် တနင်္လာနေ့ နံနက် အစောပိုင်း မှာတော့ အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ အဖွင့်ပွဲအဖြစ် ဆားဘီးယားအသင်းနဲ့ အုပ်စုပွဲစဉ် စတင် ယှဉ်ပြိုင်ရမှာပါ။

အင်္ဂလန်အသင်းမှာ ကစားသမားအချို့ ကြံ့ခိုင်မှု မပြည့်ဝ ဖြစ်နေတယ် သတင်းထွက်နေပြီး ဂျွန်စတုန်း၊ ဆာကာ၊ ဖိုဒန်၊ ဘယ်လင်ဟမ်နဲ့ လုခ်ရှောတို့ရဲ့ အခြေအနေကို ဆေးအဖွဲ့က အနီးကပ် စောင့်ကြည့်နေပါတယ်။

နည်းပြ ဆောက်ဂိတ်ကတော့ အဖွင့်ပွဲမှာ ၄-၂-၃-၁ ကစားကွက် ခင်းကျင်းဖို့ ပြင်ဆင်နေတယ်လို့ သိရကာ ကွင်းလယ် ၂ ယောက်တန်းမှာ ထရန့်နဲ့ ရိုက်စ်ကို ပွဲထုတ်သွားဖွယ် ရှိကြောင်း သတင်းထောက် Matt Law က ပြောပါတယ်။

ထရန့်နဲ့ ရိုက်စ် အတွဲကို ချစ်ကြည်ရေး ခြေစမ်းပွဲတွေမှာ ဆောက်ဂိတ်က တွဲသုံးကြည့်နေပြီး သဘောကျနှစ်ခြိုက်မှု ရှိခဲ့တာလို့ သိရပါတယ်။

ဂိုးသမားနေရာ ပစ်ဖိုဒ့်ကို အသုံးပြုကာ ခံစစ်မှာ ဂျွန်စတုန်း၊ ဂူဟီ၊ ဝေါ်ကာနဲ့ ထရစ်ပီယာတို့ကို သုံးဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတွေကြောင့် သူ့ရဲ့ လူစာရင်းကို အပြောင်းအလဲ လုပ်ရနိုင်ချေ ရှိတာကိုလည်း ဆောက်ဂိတ်က နားလည်ထားတယ်။

တိုက်စစ်မှာ ဟယ်ရီကိန်းကို ထားကာ သူ့နောက်မှာ ဘယ်လင်ဟမ်၊ ဖိုဒန်နဲ့ ဆာကာတို့ကို ၃ ယောက်တန်း ထားသွားမှာဖြစ်ပါတယ်။

အင်္ဂလန်နည်းပြအဖွဲ့က ချစ်ကြည်ရေးပွဲတွေမှာ မပါထားနိုင်တဲ့ ဆာကာရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်။ ဟယ်ရီကိန်းနောက် အင်္ဂလန်အသင်း သွင်းဂိုးအတွက် အရေးအပါဆုံး ကစားသမားဖြစ်တဲ့ ဆာကာဟာ အင်္ဂလန်အတွက် ၁၁ ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။