ကန်ဆယ်လို ကို ရှင်းချင်လို့ ငွေမထုတ်ချင်တဲ့ ဘာစီလိုနာ ဆီ တဖက်လှည့်နဲ့ ထိုးကျွေးဖို့ မန်စီးတီး ပလန်နေ

မန်စီးတီးအသင်းဟာ နည်းပြ ပက် ဂွာဒီယိုလာနဲ့ အဆင်မပြေတော့တဲ့ နောက်ခံလူ ကန်ဆယ်လို ကို ဘာစီလိုနာမှာ အငှား ဆက်ချဖို့ ချွင်းချက် အခြေအနေ တစ်ရပ်နဲ့ လက်လွှတ်ဖို့ စီစဉ်လာကြောင်း စပိန်သတင်းတွေက ဖော်ထုတ်လာပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံကလပ်ဟာ ကန်ဆယ်လို ကို ဘာစီလိုနာထံ အငှားချပြီး ၂၀၂၄-၂၅ ဘောလုံးရာသီ အကုန်မှာ ယူရို သန်း ၃ဝ နဲ့ ဝယ်ကို ဝယ်ရမယ့် အချက် စာချုပ်မှာ ထည့်သွင်းချင်နေပါတယ်။

စီးတီးဘက်ကတော့ ကန်ဆယ်လို ကို အသင်းမှာ ဆက်ထားဖို့ လုံးဝ ဆန္ဒ မရှိပါဘူး။ တကယ်တော့ ကန်ဆယ်လို ကို အငှား ထပ်ချချင်တာ မဟုတ်ဘဲ အပြီးရောင်းချချင်တာပါ။

ဒါပေမယ့် ဘဏ္ဍာရေး သိပ် အားထည့်နိုင်ခြင်း မရှိတဲ့ ဘာစီလိုနာ ကို တဖက်လှည့်နဲ့ ချုပ်ပြီး ကန်ဆယ်လို ကို နောက်နှစ်နွေမှာ အပြီးဝယ်စေဖို့ မန်စီးတီးအသင်းက ရည်ရွယ် စီစဉ်လာတာပါ။

ကစားသမားဘက်ကတော့ ပြီးခဲ့တဲ့ရာသီ အငှား ကစားခဲ့တဲ့ ဘာစီလိုနာမှာ ဆက်လက် ကစားချင်နေပါတယ်။ ထိုစဉ်က ကန်ဆယ်လို ဟာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲ ပါဝင် ကစားပေးခဲ့ပါတယ်။

မိခင်ကလပ် မန်ချက်စတာ စီးတီးမှာကတော့ နည်းပြ ပက်ဂွာဒီယိုလာနဲ့ ခွာပြဲခဲ့ပြီး နောက်ပိုင်း ကန်ဆယ်လို တစ်ယောက် စီးတီး အသင်းမှာ ပြန်နေရာ ရဖို့ မဖြစ်နိုင်တော့ဘဲ အပြီး ထွက်ခွာဖို့သာ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။