အင်္ဂလန်အသင်း အခြေမဟန်ရင် ဂန်းနားတိုက်စစ်သမားကို နောက်တန်း ဆင်းကစားခိုင်းဖို့ ရီယို ဖာဒီနန် အကြံပေး

လက်ရှိ ၂၀၂၄ ယူရိုပြိုင်ပွဲဝင် အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပြဿနာတစ်ရပ်ရှိနေပြီး အဲဒါကတော့ ဘယ်အစွန် နောက်ခံလူ နေရာမှာ ကစားသမား လုံလုံလောက်လောက် ပါမလာခဲ့တာ ဖြစ်ပါတယ်။

တော့တင်ဟမ်စပါးမှ ထရစ်ပီယာ၊ ယူနိုက်တက်မှ လုရှောတို့ကို နည်းပြ ဆောက်ဂိတ်က ရွေးချယ်ခဲ့ပေမယ့် သူတို့ နှစ်ဦးရဲ့ ကြံ့ခိုင်မှုက မေးခွန်းတစ်ခု ဖြစ်လာနေပါတယ်။

ဒါကြောင့်ပဲ သရဲနီဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ဆားဘီးယားပွဲမှာ အင်္ဂလန်အသင်းရဲ့ ညာခြမ်းက ပွဲထွက်ခဲ့တဲ့ ဆာကာကို ဘယ်ခြမ်းမှာ သုံးလို့ရတယ်လို့ ထောက်ပြ လာပါတယ်။

ရီယို ဖာဒီနန်ဖြစ်ကာ ဆာကာကို ဘယ်အစွန်-တောင်ပံ သမားအဖြစ် အသုံးပြုပြီး အားနည်းချက်ကို အားသာချက်ဖြစ်လာအောင် အသုံးပြုနိုင်ကြောင်း ထောက်ပြခဲ့တာပါ။

ဒါကလည်း ရေရှည်အတွက် မဟုတ်ဘဲ ဒိန်းမတ်ပွဲမှာ ထရစ်ပီယာနဲ့ လုရှောတို့ မပါနိုင်ရင် အလုပ်ဖြစ်ဖို့ ရေတို နည်းလမ်းပဲ ဖြစ်ပါတယ်။

ဖာဒီနန်က ‘ လုရှော ၁၀၀% ကြံ့ခိုင်မှု မပြည့်ခဲ့ရင် ကျနော်တို့ ပြဿနာ တတ်ပြီဗျ။ ကျနော်တို့မှာ ရွေးချယ်စရာဆိုလို့ ဆာကာကို ဘယ်အစွန်ခံစစ်နေရာ ပို့လို့ရပါတယ်။ ကျနော်ဆိုရင် ဘယ်အစွန်မှာ ဆာကာကို ထားကစားစေမှာပါ။

ထရစ်ပီယာလည်း မသုံးနိုင်ဘူး၊ လုရှောလည်း သုံးလို့မရဘူး ဆိုရင် ဆာကာကို ဘယ်အစွန်မှာ ထားဖို့ပဲ ရွေးစရာရှိပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ပြန်ရချိန်မျိုးမှာတော့ ဆာကာက ဘယ်တောင်ပံသမား နေရာထိ ပြန်တက်ကစားတာမျိုးပေါ့ ’ လို့ ပြောပါတယ်။

ဖာဒီနန်က ဆားဘီးယားနဲ့ပွဲမှာ ဆာကာရဲ့ စွမ်းဆောင်ရည်ကို သဘောကျပေမယ့် ဒုတိယပိုင်းအတွင်း အင်္ဂလန်အသင်း ကစားပုံဟာ ဖိအားတွေအောက် ရောက်နေခဲ့တယ်လို့ ထောက်ပြသွားခဲ့ပါသေးတယ်။