အာဆင်နယ် အသင်းက နွေဈေးကွက် ဖွင့်ချိန်မှာ လှုပ်ရှားမှု သိပ် မတွေ့ရသေးပေမယ့် ပရိသတ်တွေကတော့ ဒီနွေမှာ ကွင်းလယ်အတွက် အသင်း ခေါ်ယူ အားဖြည့်သင့်တဲ့ ကစားသမားကို ထောက်ပြမှု ပြုလုပ်လာကြပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ပြင်သစ်အသင်းအတွက် ရွေးချယ်ခံထားရတဲ့ မိုနာကို အသင်းသား ဖိုဖာနာဟာ ဂန်းနားတွေ သဘောတွေ့နေတဲ့ ကွင်းလယ်လူပါ။ သတင်းတွေအရတော့ ဇန်နဝါရီတည်းက အာဆင်နယ်အသင်းဟာ ဖိုဖာနာကို ကင်းထောက်မှု လုပ်ထားဖူးပါတယ်။
မိုနာကိုမှာ ၁ နှစ်စာချုပ်ပဲကျန်ရှိတော့တဲ့ ဖိုဖာနာကို ခေါ်ယူခြင်းဟာ ဘရူနို ဂွီးမားရက်စ်နဲ့ အိုနာနာတို့အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးထက် ပိုမို သက်သာသလို အကျိုးဖြစ်စေမယ်လို့လည်း ထောက်ပြနေကြပါတယ်။
အာဆင်နယ်ပရိသတ်တွေက.. ” ပါတေး ထွက်သွားရင် ဖြစ်လာသင့်တဲ့ အဖြေက ဖိုဖာနာပဲ ဖြစ်ပါလိမ့်မယ်။ ”
” အာဆင်နယ်က ဘရူနို ဖာနန်ဒက်စ်ကို ခေါ်မယ်လို့ မထင်ပါဘူး။ အာတီတာက သူ့ကို သိပ်သဘောကျရိပ် မပြပါဘူး။ အိုနာနာအတွက်ကလည်း ပေါင် သန်း ၅၀ လောက် သုံးရဦးမယ်။ ဒါကြောင့် ဖိုဖာနာက အကောင်းဆုံး အင်အားဖြည့်မှုပါပဲ။ ”
” ဒီနွေဈေးကွက်ထဲမှာ ဖိုဖာနက ဈေးအပေါဆုံး နံပါတ် ၆ သမားပါ။ သူ့ကို ခေါ်မယ်ဆိုရင် ပေါင် သန်း ၂၀ လောက်ပဲ ကုန်မှာပါ။ ”
” ဘရူနိုအတွက် ပေါင် ၈၅ သန်းလောက် မသုံးချင်ဘူးဆိုရင် ဖိုဖာနာကို ပေါင် သန်း ၃၀ လောက်နဲ့ ခေါ်လို့ရတာပဲလေ။ ခံစစ်ကနေ ဘောလုံးထုတ်ဖို့ရာ ဖြန့်ဝေမှုကောင်းတဲ့ ကွင်းလယ်လူမျိုးပါ။ စူပါစတား တစ်ဦးအတွက် ငွေအလုံးအရင် သုံးတာထက် ပိုအဖိုးချိုတဲ့ ခေါ်ယူမှုဖြစ်စေမှာပါ။ ”
” ငါမြင်သင့်သလောက် မြင်ပြီးပါပြီ။ ဖိုဖာနာက ဘရူနို ဂွီးမားရက်စ်နဲ့ အိုနာနာ နှစ်ဦးပေါင်းထားတာထက် ပိုကောင်းတဲ့သူပါ။ ပါတေးထံက သင်ယူဖို့ သူ့ကိုပဲ ခေါ်ယူသင့်ပါတယ်။ ” စသဖြင့် တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။