လက်ရှိ ကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်၊ အီတလီ၊ အယ်ဘေးနီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ ခရိုအေးရှားအသင်းဟာ အုပ်စုတွင်းမှာ နှစ်ပွဲ ကစားပြီးသည့်တိုင် ရလဒ် မကောင်းဘဲ နိုင်ပွဲ မရရှိသေးပါဘူး။
အုပ်စုတွင်း အဖွင့်ပွဲမှာ စပိန်ကို ၃-၀ ဖြင့် ရှုံးခဲ့တဲ့ ခရိုအေးရှားဟာ ဒုတိယမြောက် ပွဲအဖြစ် ပြိုင်ပွဲထဲမှာ အင်အားအနည်းဆုံး အသင်းတွေထဲက ၁ သင်းဖြစ်တဲ့ အယ်ဘေးနီးယားကိုလည်း ၂-၂ နဲ့ သရေကျခဲ့တာပါ။
ထိုပွဲအပြီး သတင်းစာရှင်းလင်းပွဲ မှာ စပိန်သတင်းထောက်က “အီတလီနဲ့ပွဲမှာ လူငယ်တွေနဲ့ ပွဲထွက်မလား? လူအိုတွေနဲ့ ပွဲထွက်မလား? “လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
မေးခွန်းကို ကြားအပြီးမှာ မိုဒရစ်က “ဘာလဲကွာ.. ငါသွားတော့မယ်” လို့ တုန့်ပြန်ရင်း အမြန်ထွက်ခွာသွားတာ ဖြစ်ပါတယ်။
စပိန်သတင်းထောက်ရဲ့ မေးခွန်းဟာ အသက် ၃၈ နှစ်အရွယ် မိုဒရစ်အပေါ် မလေးစားရာကျတယ်လို့ ဆိုနိုင်ပေမယ့် ခရိုအေးရှား လူစာရင်းကလည်း မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။
ခရိုအေးရှား အသင်းဟာ ယူရိုမှာ အသက်အကြီးဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းတွေထဲ တစ်သင်းဖြစ်ကာ ကွင်းလယ်မှာဆိုရင် အားလုံးက ၃၀ နဲ့အထက်တွေချည်း ပွဲထွက်နေတာ ဖြစ်ပါတယ်။
လူငယ်တွေကို နေရာသိပ်မပေးဘဲ သမ္ဘာနဲ့ အတွေ့အကြုံ ရင့်ကျက်သူတွေကို ဦးစားပေး ပွဲထုတ်လေ့ရှိတဲ့ နည်းပြဒါလစ်တို့ဟာ အုပ်စုတွင်း နောက်ဆုံးပွဲမှာ အီတလီကို အနိုင်ရမှပဲ နောက်တစ်ဆင့်ကို တက်ဖို့ အခွင့်အရေး ရှိမှာဖြစ်ပါတယ်။
ဒါလစ်ကတော့ ” ကျနော်တို့ ပွဲအဆုံးထိ ရှင်သန်နိုင်နေဆဲလို့ ခံစားရတယ်။ ခေါင်းတွေကို ငုံ့ထားလို့ မရပါဘူး။ ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့အတူ ကိုယ့်စိတ်ကြိုက် ကစားနိုင်ရပါမယ် ” လို့ မှတ်ချက်ပေးထားတာ ဖြစ်ပါတယ်။