ချယ်ဆီး အသင်းဟာ သီယေဂို ဆေးလ်ဗား လက်သစ်လို ယူဆခံရတဲ့ ဘိုကာ ဂျူနီယာ ကစားသမား အေရွန် အန်ဆယ်မီနို ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းထွက်လာပါတယ်။
အသက် ၁၉ နှစ် အရွယ် ရှိတဲ့ အာဂျင်တိုင်းသား ညာခြေသန် ဗဟိုခံစစ်မှုးလေးဟာ ကွင်းလည်ထိလည်း တက် ကစားနိုင်သူပါ။
အန်ဆယ်မီနို ရဲ့ ဘောလုံးနဲ့ အတူ ရွေ့လျား ကစားနိုင်တာ၊ တစ်ဦးချင်း ယှဉ်လုမှုတွေမှာ အနိုင်ယူနိုင်တာက ချီးကျူးမှုတွေ ခံထားရပါတယ်။ တချို့က ဆိုရင် အန်ဆယ်မီနို ရဲ့ ကစားဟန် ဟာ သီယေဂို ဆေးလ်ဗား အကောင်းဆုံး ခြေစွမ်း ရနေတုန်းက ပုံစံနဲ့ ဆင်တူတယ် လို့ တင်စား ပြောဆိုကြပါတယ်။
ချယ်ဆီးက အန်ဆယ်မီနို ကို ခေါ်ယူရေး အတွက် တရားဝင် ကမ်းလှမ်းမှုတော့ မပြုလုပ်ရသေးပါဘူး။ ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေးကတော့ ပေါင် ၁၉.၇ သန်း လောက် ရှိတယ် လို့ သိရပါတယ်။
ချယ်ဆီးအသင်းဟာ ကမ္ဘာတလွှားက အလားအလာရှိ ထူးချွန် လူငယ်လေးတွေကို စောင့်ကြည့် ရှာဖွေနေပါတယ်။ နွေအစောပိုင်း ကပဲ ချယ်ဆီးဟာ ဘရာဇီးရဲ့ အလားအလာ အကောင်းဆုံးသူ လူငယ်လေး တစ်ဦး ဖြစ်တဲ့ Estevao ကို ပေါင် ၂၈.၇ သန်း + ထပ်ဆောင်းကြေး ပေးကာ ခေါ်ယူထားတာပါ။