Transfer: အာဆင်နယ် တိုက်စစ်မှုးသစ် ရပြီ၊ ပြောင်းရွှေ့ကြေး သဘောတူညီမှုလည်း ရခဲ့ပြီ သတင်းထွက်ပေါ်

အာဆင်နယ် အသင်းဟာ ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး ဂယော်ကီရက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီနွေမှာ တိုက်စစ်မှူးသစ် ရှာဖွေနေတဲ့ အာဆင်နယ်ဟာ လိုက်ဇစ်အသင်းမှ ဆက်ကို အား ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားက ဂျာမာန်မြေမှာ ဆက်နေဖို့ကိုပဲ ရွေးချယ်ခဲ့တာပါ။

နောက်ထပ် ပစ်မှတ်ဖြစ်တဲ့ အိုဆင်မန်အတွက် နာပိုလီအသင်းက မြင့်မားတဲ့ ပမာဏ တောင်းဆိုနေတာကြောင့် အာဆင်နယ်ဟာ ဂယော်ကီရက်စ်အတွက် စပို့တင်းနဲ့ ညိနှိုင်းနိုင်ခဲ့တယ်လို့ ပေါ်တူဂီသတင်းတွေက ဖော်ပြပါတယ်။

စပို့တင်းဘက်က သူတို့ တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဝန်းကျင် တောင်းဆိုထားတာပါ။ အာဆင်နယ်ဘက်က ကနဦး ယူရို သန်း ၉၀ အပြင် ထပ်တိုးကြေး ယူရို သန်း ၃၀ ပေးဖို့အတွက် ညိနှိုင်းနိုင်ခဲ့တယ်လို့ သိရတယ်။

မနှစ်ကရာသီ ပေါ်တူဂီကလပ်အတွက် ပြိုင်ပွဲစုံမှာ ကိုယ်တိုင် ၂၉ ဂိုး သွင်းခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးကို အလိုရှိနေတဲ့ ကလပ်တွေ အတော်လေး များပြားနေရာမှာ အာဆင်နယ်လည်း တစ်သင်း အပါအဝင်ပါ။

ပေါ်တူဂီသတင်းတွေက ဖော်ပြနေသလို အာဆင်နယ်ဘက်က ပြောင်းရွှေ့ကြေး သဘောတူညီမှုရခဲ့ကြောင်း ကိစ္စကို လန်ဒန် သတင်းထောက်တွေ အတည်ပြုပေးလာခြင်းတော့ မရှိသေးပါဘူး။