အလွန်ဆို ကို ချိန်ထားတဲ့ ရီးရဲလ်၊ ဘာစီ လူငယ်လေးကို ရတော့မယ့် ချယ်ဆီး၊ ပရီးမီးယားလိဂ်ဘက် လာမယ့် ကင်မစ်နဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

စီးရီးအေကလပ် လာဇီယိုအသင်းဟာ ဂျူဗင်တပ် နဲ့အပြိုင် မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူရေး ဝင်ပါတော့မှာပါ။ ဒါပေမယ့် ယူနိုက်တက် လိုချင်နေတဲ့ ပေါင် သန်း ၃၀ ထိတော့ ပေးလိုခြင်း မရှိသေးပါဘူး။

လေဗာကူဆင် နည်းပြ အလွန်ဆိုကို ၂၀၂၅ မှာ နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့ ရီးရဲလ်မက်ဒရစ် အသင်းက လျာထားပါတယ်။

ဘာစီလိုနာ လူငယ်လေး Marc Guiu ဟာ ချယ်ဆီးအသင်းထံ ယူရို ၆ သန်းဖြင့် ပြောင်းလာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ဒီလအကုန်မှာ လက်စတာအသင်းနဲ့ စာချုပ်ကုန်မယ့် ကွင်းလယ်လူ အန်ဒီဒီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

သရဲနီ ဂန္တဝင်ကြီး နစ္စတယ်ရွိုင်းဟာ အဲရစ်တန်ဟက်ရဲ့ လက်ထောက်အဖြစ် ယူနိုက်တက်ထံ ပြန်ရောက်လာဖို့ အတော်လေး အရေးသာလာပြီ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကင်မစ်ဟာ ဒီနွေမှာ ပရီးမီးယားလိဂ်ကို ပြောင်းလာဖွယ် ရှိနေပေမယ့် မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ဖို့ မရှိပါဘူး။ သူ့ကို ခေါ်ဖို့ မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်တို့ စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။

စပါးကစားသမား အီမာဆန်ကို ခေါ်ယူဖို့ အေစီမီလန်အသင်းက မျက်စိကျနေပါတယ်။ အေစီဟာ အဲဗာတန်က ကယ်ဗက်လီဝင်ကိုလည်း ခေါ်ယူလိုနေပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးဗားကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းက စိတ်ဝင်စားလာပါတယ်။ ဘိုင်ယန် ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ပေးရဖွယ် ရှိပါတယ်။

နယူးကာဆယ် အသင်းဟာ အဲဗာတန် တိုက်စစ်သမား ကယ်ဗက်လီဝင်အတွက် ကြိုးစားသွားတော့မှာ မဟုတ်ပါဘူး။