ယူရိုမှာ အင်္ဂလန် အသင်းနဲ့ အတူ ချာတူးလန်နေပေမယ့် အင်္ဂလန် မီဒီယာတွေ မထိရဲတဲ့ ကစားသမား

အာဆင်နယ် ကြယ်ပွင့် တစ်ဦး ဖြစ်သလို အင်္ဂလန် ရဲ့ အဓိက ကွင်းလယ် ကစားသာမး ဖြစ်တဲ့ ဒီကလန်ရိုက်စ်ဟာ ကမ္ဘာ့အဆင့် ပါ လို့ အလွန်အကျုး တင်စားခံရနေပေမယ့် ပြောသလောက် မဟုတ်ပါကြောင်း အိုင်ယာလန် တိုက်စစ် သမား ဂျိမ်းစ် မက်ကလိန်က ဝေဖန်လိုက်ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း ကွင်းလယ်မှာ အဓိက ကစားသမားအဖြစ် ပါဝင်လာတဲ့ ဒီကလန်ရိုက်စ်ဟာ အခြားသော အသင်းဖော်တွေဖြစ်တဲ့ ဘယ်လင်ဟမ်၊ ထရန့်တို့လိုပဲ ခြေစွမ်း မပြနိုင်သူ တစ်ဦးပါ။

အင်္ဂလန် မီဒီယာတွေဟာ ဒီကလန်ရိုက်စ်က ပရီးမီးယားလိဂ် စံချိန်တင်ကြေးရှင် ဖြစ်တာကြောင့် ဒီကလန်ရိုက်စ်ကို ဝေဖန်တာမျိုး မလုပ်လိုကြဘူးလို့ မက်ကလိန်ကတော့ ထောက်ပြ ဝေဖန်လိုက်ပါတယ်။

မက်ကလိန်က ” ဒီကလန်ရိုက်စ်က အတော်လေး အလွန်အကျံ ချီးကျူးခံနေရတဲ့ ကစားသမားပါ။ သူက ကစားသမားကောင်းတစ်ယောက်ပါ ဒါပေမယ့် အင်္ဂလန်မီဒီယာတွေက သူ့ကို ကမ္ဘာ့အဆင့်ပါ.. ဘာညာ.. တင်စားလွန်းနေတယ်။

ကျနော်အတွက်တော့ ရိုက်စ်က ကမ္ဘာ့အဆင့်မှာ ရှိမနေပါဘူး။ ကျနော်အတွက်တော့ ကမ္ဘာ့အဆင့်ဆိုတာ ဘယ်အသင်းမှာမဆို အံဝင်အောင် ကစားနိုင်တဲ့သူမျိုးပါ။ ရိုက်စ်က အဲ့လို မလုပ်နိုင်ပါဘူး။

မန်စီးတီးမှာဆိုရင် သူက ရီုဒရီကို ကျော်ပြီး နေရာရမှာ မဟုတ်ဘူး။ တိုနီခရုစ်လို လယ်ဗယ်မှာလည်း ရှိမနေပါဘူး။ သူတို့တွေကမှ ကစားပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကမ္ဘာ့အဆင့်တွေပါ။

ရိုက်စ်က သူတို့လို မလုပ်နိုင်ပါဘူး။ ပေါင် သန်း ၁၀၀ လောက် ပေးရပြီး ၅ ပေအကွာကို ဘေးတိုက်ပေးလိုက် နောက်ပြန်ပေးလိုက်လောက်ပဲ လုပ်နေတာမျိုး ကျနော်ဆိုရင် မကြည့်ချင်ဘူး။ သူ့ဘေးနားက တင်စားချီးကျူးမှုတွေဟာ လိုတာထက် ပိုဖောင်းပွလွန်းနေပါတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူဟာ အိုင်ယာလန် လက်ရွေးစင်အဖြစ်ကနေ အင်္ဂလန်ဂျာစီကို ပြောင်းလဲဝတ်ဆင်ခဲ့တာမို့ အခုချိန်ထိ အသင်းဟောင်းထံက မုန်းတီးမှုတွေကို ရရှိနေတာပဲ ဖြစ်ပါတယ်။