ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့် မဲခွဲ ရလဒ်များ ထွက်ပေါ်လာပါပြီ၊ ဖိုင်နယ်ထိ တက်လှမ်းဖို့ ဘယ်အသင်း အခြေအနေ အကောင်းဆုံး ဖြစ်မလဲ

ယူရို ၂၀၂၄ ပြိုင်ပွဲ ရဲ့ ၁၆ သင်း ရှုံးထွက်အဆင့် အတွက် မဲခွဲမှု ရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ အသင်းကြီး တချို့ ပွဲချောင်သလို ပွဲကောင်းအချို့လည်း ပါဝင်လာခဲ့ပါတယ်။

အုပ်စု ၆ ခုအတွင်းက ထိပ်ဆုံး ၂ သင်းတွေအပြင် တတိယအကောင်းဆုံး ၄ သင်းအဖြစ် နယ်သာလန်၊ ဂျော်ဂျီယာ၊ စလိုဗားကီးယား၊ စလိုဗေးနီးယားတို့လည်း ရှုံးထွက်ကို တက်လာခဲ့တာပါ။ ဟန်ဂေရီနဲ့ ခရိုအေးရှားတို့ကတော့ အုပ်စုတတိယ ဖြစ်ပေမယ့် ပြုတ်ကျန်ခဲ့ပြီ ဖြစ်ပါတယ်။

၁၆ သင်းရှုံးထွက် အဆင့် မှာတော့ ပွဲကောင်းအဖြစ် ပြင်သစ်အသင်းဟာ ဘယ်ဂျီယံနဲ့ ထိပ်တိုက်တွေ့နေသလို အီတလီနဲ့ ဆွစ်ဇလန်တို့ တွေ့ဆုံမှုကလည်း စောင့်ကြည့်ရမယ့်ပွဲ ဖြစ်ပါတယ်။

ပြင်သစ် vs ဘယ်ဂျီယံအတွဲက အနိုင်ရတဲ့အသင်းဟာ ပေါ်တူဂီ vs စလိုဗေးနီးယားအတွဲက အနိုင်ရတဲ့အသင်းနဲ့ ကွာတားအဆင့်မှာ ထိပ်တိုက်တွေ့မှာပါ။

ဒီတလော ဝေဖန်ခံနေရတဲ့ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းကတော့ အုပ်စုတတိယဖြင့် ရှုံးထွက်ကို တက်လာတဲ့ စလိုဗားကီးယားနဲ့ ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ အနိုင်ရတဲ့အသင်းက ဆွစ်ဇလန် vs အီတလီအတွဲက တက်လာတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။

ဒီ ရှုံးထွက်အဆင့် ပွဲစဉ် တွေကိုတော့ တစ်ရက် ၂ ပွဲနှုန်းနဲ့ ဇွန်လ ၂၉ ရက်ကနေ ဂျူလိုင်လ ၂ ရက်နေ့ထိ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။