ချယ်ဆီးမှာ ကစားချင်နေပေမယ့် အာဆင်နယ်၊ လီဗာပူးတို့က ပစ်မှတ်ထားတာ ခံထားရတဲ့ စီးရီးအေ နောက်ခံလူ

ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်တဲ့ အီတလီအသင်း ရဲ့ ခံစစ်မှူး ရီကာဒို ကယ်လာဖီအိုရီ ဟာ အပြောင်းအရွှေ့ကိစ္စ စကားပြောခံနေရပြီး ပရီးမီးယားလိဂ်ကို ရောက်ရှိလာနိုင်ပါတယ်။

မနှစ်က စီးရီးအေမှာ ခြေစွမ်းပြခဲ့တဲ့ ရီကာဒိုကို ပြည်တွင်းပြိုင်ဘက် ဂျူဗင်တပ်က ခေါ်ယူလိုပေမယ့် ဘိုလော့ညာကတော့ အီတလီအပြင်ဘက်က ကမ်းလှမ်းမှုကိုပဲ လက်ခံ စဉ်းစားချင်နေတာပါ။

လီဗာပူး၊ အာဆင်နယ်တို့က ရီကာဒိုကို ခေါ်ယူဖို့ စုံစမ်းထားကြောင်း သတင်းကြီးနေခဲ့ပြီး သူ့အတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း ၄၀ လောက်ပဲ ကျသင့်မှာဖြစ်ပါတယ်။

ဘိုလော့ညာ ဒါရိုက်တာ ဆာတိုရီက ” ရီကာဒိုအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးမယ့် အကြောင်း ကျနော် အတည်ပြုနိုင်ပါတယ်။ သူ့ကို ဆက်ထိန်းနိုင်ရင် သိပ်ကောင်းမှာဖြစ်ပေမယ့် ကျနော်တို့ လက်တွေ့ကျရပါလိမ့်မယ်။

ကောင်းမွန်တဲ့ ကမ်းလှမ်းမှုရမယ်ဆိုရင် ကျနော်တို့ ဆွေးနွေးသွားမှာပါ။ အီတလီပြင်ပ ကလပ်တွေထံ သူပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ သတင်းပေးလာခဲ့တာပါ။

ရီကာဒို ကိုယ်တိုင်ကတော့ သူ အသင်းပြောင်းရမယ်ဆိုရင် လန်ဒန်ကလပ် ချယ်ဆီးထံ ပြောင်းလိုကြောင်း ၂၀၂၂ တုန်းက ဝန်ခံထားဖူးပါတယ်။

” ကျနော်ရဲ့ အိပ်မက်က ပရီးမီးယားလိဂ်မှာ ကစားရဖို့ပါ။ ဝက်စ်ဟမ်းနဲ့ ချယ်ဆီး အသင်းတွေမှာ ကစားရမှာကို နှစ်သက်ပါတယ် ” ရီကာဒိုက ထုတ်ပြောထားပါတယ်။