၃ နေရာ အားဖြည့် လူသစ်ခေါ်မယ့် လီဗာပူး အသင်းရဲ့ လှုပ်ရှားမှုတွေ ဈေးကွက်ထဲ မြင်တွေ့ရပါတော့မယ်

ယာဂင်ကလော့ပ် နှုတ်ဆက် ထွက်ခွာသွားတဲ့နောက် နည်းပြသစ် အာနယ် ဆလော့နဲ့အတူ ခေတ်တစ်ခုကို စတင်သွားတော့မယ့် လီဗာပူး အသင်းဟာ ဒီအပတ်ထဲမှာ ရာသီကြို လေ့ကျင့်ရေး စတင်ဖို့ ပြင်ဆင်နေပါတယ်။

လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ မတိုင်ခင်မှာ နယ်သာလန်သား နည်းပြ ဆလော့ အတွက် ၃ နေရာ လူသစ်တွေ ခေါ်ယူ အင်အားဖြည့်ပေးဖို့ လီဗာပူးအသင်းက ရည်ရွယ်ထားကြောင်း The Athletic သတင်းဌာန က ဖော်ပြပါတယ်။

ဒီ ၂ လအတွင်း လီဗာပူးအသင်းရဲ့ ဈေးကွက်တွင်း လှုပ်ရှားမှုတွေ မြင်တွေ့ရမှာဖြစ်ကာ ဗဟိုခံစစ်ပိုင်းက ဦးစားပေးတွေထဲက တစ်ခုဖြစ်ပါတယ်။

မာတစ်ကို အလွတ်နဲ့ လက်လွတ်ရပြီးတဲ့နောက် လီဗာပူးခံစစ်မှာ ဗန်ဒိုက်၊ ကိုနတေး၊ ဂိုးမက်စ်နဲ့ ကွမ်းဆက်တို့ပဲ ကျန်ရှိပါတယ်။

ဗဟိုခံစစ်ပြီး နောက်ထပ် တစ်နေရာကတော့ ဝါတာရုအန်ဒို ကစားနေတဲ့ ကွင်းလယ်ခံစစ်နေရာဖြစ်ပါတယ်။ နည်းပြအာနယ် ဆလော့က ထရန့်ကို ကွင်းလယ်မှာ သုံးဖို့ ရည်ရွယ်နေတယ် သိထားရပေမယ့် ကွင်းလယ်ခံစစ်က လီဗာပူး လူစာရင်းမှာ အားနည်းနေပါတယ်။

နောက်ဆုံးနေရာက တိုက်စစ်ပိုင်းမှာ စွယ်စုံရ တောင်ပံသမား တစ်ဦး ခေါ်ယူဖို့ဖြစ်ပါတယ်။ ဒီနေရာအတွက်တော့ ဒီယက်ဇ်ကို လက်လွတ်ရမှ လီဗာပူးအသင်း လူသစ်ခေါ်ယူဖွယ်ရှိပါတယ်။

လီဗာပူးအသင်းဟာ ဂိုးသမား ကလယ်ဟာကို ပေါင် ၂၅ သန်းရရင် အသင်းပြောင်းခွင့်ပေးမှာဖြစ်ကာ တတိယဂိုးသမား အတ်ဒရီယန်ကိုလည်း အလွတ်ဖြင့် ထွက်ခွာခွင့် ပေးထားရပါတယ်။ ဒါကြောင့် ဂိုးသမားနေရာ အင်အားဖြည့်ရေးကိုလည်း စဉ်းစားလာနိုင်တယ်လို့ သိရပါတယ်။