မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ တိုက်စစ်မှူး ရက်ဖို့ဒ် အတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ပေးထားပြီး လက်ခံစဉ်းစား ပေးသွားတော့မှာ ဖြစ်ပါတယ်။
အသင်းဘက်ကတော့ နည်းပြတန်ဟက်ရဲ့ စွမ်းဆောင်ရည်ကို ပြန်လည် သုံးသပ်ခဲ့အပြီးမှာ ၂၀၂၆ ခုနှစ်ထိ ဆက်ရှိနေစေမယ့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
တန်ဟက် စာချုပ်သစ် ချုပ်အပြီးမှာ နောက်ဆက်တွဲအဖြစ် ရက်ဖိုဒ့် အပါအဝင် တိုက်စစ်ပိုင်း ရှင်းထုတ်မှုတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။
ကျောနံပါတ် ၁ဝ ဝတ်ဆင်တဲ့ အင်္ဂလန် တိုက်စစ်မှူးဟာ ယူနိုက်တက်နဲ့ ၂၀၂၈ ခုနှစ်ထိ စာချုပ်ရှိထားပြီး မနှစ်ကရာသီမှာ သွင်းဂိုးတွေရဖို့ ရုန်းကန်ခဲ့ရပါတယ်။
ရက်ဖို့ဒ် ကို ခေါ်ယူဖို့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်တို့ သတင်းထွက်ဖူးပါတယ်။
ယူနိုက်တက် တာဝန်ရှိသူတွေက ရက်ဖို့ဒ် အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ လို့ သတ်မှတ်ထားကာ မနှစ်ကရာသီ ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၈ ဂိုးပဲ သွင်းယူခဲ့တဲ့ ၂၆ နှစ်သားအတွက် အဲ့ဒီ ထက်နည်းတဲ့ ပမာဏဖြင့် ညိနှိုင်းရင်လည်း လက်ခံပေးဖွယ် ရှိပါတယ်။
ရက်ဖို့ဒ် ဟာ ကျဆင်းနေတဲ့ ခြေစွမ်းကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်စာရင်း လူစာရင်းကနေလည်း ဖယ်ထုတ်ခံခဲ့ရတယ်။ ဒီနွေဟာ တိုက်စစ်မှူးအတွက် အမြင့်ဆုံး ပြောင်းရွှေ့ကြေးရနိုင်တဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။
ရက်ဖို့ဒ် ကိုယ်တိုင်ကတော့ ဒီနွေမှာ အိုးထရတ်ဖို့ဒ် မှာပဲ ဆက်နေပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပြန်ရအောင်၊ အနေအထားကို မှန်ကန်သွားအောင် ပြန်လည် ကြိုးစားချင်နေပါတယ်။